ချေဂွေဗားရား၏ နေ့စဉ်မှတ်တမ်း (တက္ကသိုလ်စိုးမြတ် (မြန်မာပြန်))
ချေဂွေဗားရား၏ နေ့စဉ်မှတ်တမ်း (တက္ကသိုလ်စိုးမြတ် (မြန်မာပြန်))
ဒီကမ္ဘာပေါ်မှာ “သူရဲကောင်း” လို့ အခေါ်ခံရသူတွေဟာ ဘယ်လိုလူမျိုးလဲ။ ဘာ့ကြောင့် သူတို့ကို “သူရဲကောင်း” လို့ သမိုင်းစာမျက်နှာမှာ ကမ္မည်းမှတ်တမ်းတင်ခဲ့ကြတာလဲ။ ရဲစွမ်းသတ္တိကြောင့်လား။ တိုက်ရည်ခိုက်ရည်ကြောင့်လား။ ဉာဏ်ရည်ဉာဏ်သွေးကြောင့်လား။ ကိုယ်ကျိုးစွန့် ကောင်းကျိုးသယ်ပိုးခဲ့တာတွေကြောင့်လား။ သူရဲကောင်းနဲ့ ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုး ရှိနေပေမယ့် အများအကျိုးအတွက် ကိုယ့်အသက်ကို စွန့်လွှတ်ရဲတဲ့အထိ မြင့်မြတ်တဲ့ စိတ်နှလုံးနဲ့ ကောင်းကျိုးသယ်ပိုး ခဲ့ကြသူတွေလို့ဆိုရင် မှားမယ်မထင်ပါဘူး။
လူ့ဘဝဖြတ်သန်းမှုဆိုတာ နှင်းခဲပြင်ပေါ်ကနေ လမ်းလျှောက်သွားသလို အနောက်ကိုလှမ်းကြည့်လိုက်ရင် ခြေရာတွေ ထင်ထင်ရှားရှား ကျန်ရစ်ခဲ့စမြဲပါ။ လူ့ဘဝနှင်းခဲပြင်ပေါ်မှာ ကောင်းမွန်တဲ့မှတ်တမ်းခြေရာတွေ ချန်ထားနိုင်တဲ့သူကိုတော့ သူရဲကောင်းလို့ တလေးတစားနဲ့ ခေါ်ဝေါ်ကြ၊ ဦးညွှတ်အလေးပြုကြတယ်။ လူသားတွေအတွက် လူ့လောကအတွက် ကောင်းကျိုးဖြစ်စေခဲ့တဲ့ သူတို့လုပ်ရပ်တွေဟာ သမိုင်းစာမျက်နှာပေါ်မှာ ကာလရှည်ကြာ ထင်ကျန်ရစ်နေတော့တယ်။
သမိုင်းတလျှောက် ပေါ်ပေါက်ခဲ့တဲ့ သူရဲကောင်းတွေထဲမှာ “ချေဂွေဗားရား” ဆိုတဲ့ နာမည်ဟာ သမိုင်းစာမျက်နှာရဲ့ အဓိကကျတဲ့ နေရာမှာ ဒီနေ့အချိန်ထိ ထင်ထင်ရှားရှား နေရာယူထားဆဲပါ။ “ချေဂွေဗားရား” လို့ ဆိုလိုက်ရင် အရင်းရှင်နိုင်ငံကြီးတွေက ကြောက်ဒူးတုန်ရတဲ့ ပြောက်ကျားတော်လှန်ရေးသမား။ ကိုယ့်လူမျိုးတစ်မျိုး၊ ကိုယ့်နိုင်ငံတစ်နိုင်ငံအတွက် မဟုတ်ဘဲ အာဏာရှင်စနစ် လည်ပတ်နေတဲ့ ဘယ်နိုင်ငံမှာမဆို ကိုယ့်ကိုယ်ကို စတေးခံပြီး အာဏာရှင်ကို သွားရောက်တိုက်ထုတ်တတ်သူ။ ပြောက်ကျားစစ်နည်းဗျူဟာရဲ့ ဖခင် စသဖြင့် ကောင်းမွန်တဲ့ ဂုဏ်ပုဒ်ပေါင်းများစွာနဲ့ သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့သူပါ။
၁၉၂၈ ခုနှစ်မှာ မွေးဖွားတဲ့ “အာနက်စတို ချေဂွေဗားရား” ဟာ အာဂျင်တီးနား နိုင်ငံသားဖြစ်ပေမယ့် ကျူးဘားတော်လှန်ရေးမှာ အဓိကကျတဲ့ အခန်းကဏ္ဌကနေ ပါဝင်တိုက်ခိုက်ခဲ့တယ်။ လူတစ်ဦးချင်းရဲ့ အနာရောဂါကို ဆေးကုတာထက် အာဏာရှင်လက်အောက်မှာ ပုပ်သိုးဆွေးမြေ့နေတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဆေးကုပေးလိုတဲ့အတွက် ဆရာဝန်ဘဝကို စွန့်လွှတ်ပြီး လက်နက်ကိုင် တော်လှန်ရေးသမားဘဝကို ရွေးချယ်ခဲ့သူ ဖြစ်တယ်။
ကျူးဘားနိုင်ငံ တော်လှန်ရေးအောင်မြင်ပြီးလို့ ရာထူးရာခံနဲ့ အေးအေးသက်သာ နေမယ်လို့ မတွေးဘူး။ အာဏာရှင်အုပ်ချုပ်ရေး ကြီးစိုးနေတဲ့ “ဘိုလီဗီးယား” နိုင်ငံထဲကို တိတ်တဆိတ်ဝင်ပြီး အာဏာရှင်အစိုးရကို တော်လှန်ဖို့ ပြောက်ကျားတပ်ဖွဲ့ကို အင်တိုက်အားတိုက် ဦးဆောင်ပြန်တယ်။
“ချေဂွေဗားရား၏ နေ့စဉ်မှတ်တမ်း” စာအုပ်ဟာ “ဘိုလီဗီးယား” နိုင်ငံမှာ ပြောက်ကျားတော်လှန်ရေး လုပ်ဆောင်နေတဲ့ တစ်နှစ်ကျော်ကာလအတွင်း “ချေဂွေဗားရား” ကိုယ်တိုင် နေ့စဉ်ရေးသားခဲ့တာပါ။ ၁၉၆၆ အောက်တိုဘာလကနေ သူအဖမ်းမခံရမီ တစ်ရက်အလို ၁၉၆၇ အောက်တိုဘာလ (၇) ရက်နေ့အထိ ဘိုလီဗီးယားနိုင်ငံရဲ့ တောကြီးမျက်မည်းမှာ ပြောက်ကျားစစ်ဆင်နွှဲရင်း၊ လှည့်လည်သွားလာရင်းနဲ့ နေ့စဉ်မှတ်တမ်းကို မပျက်မကွက် ရေးသားခဲ့တယ်။ “ချေဂွေဗားရား” ရဲ့အကြောင်း လေ့လာရင် ဒီနေ့စဉ်မှတ်တမ်း စာအုပ်မပါဘဲ ပြည့်စုံနိုင်မယ် မထင်ပါဘူး။
ပြောက်ကျားစစ်သည်တွေအတွက် ဘယ်လောက်အထိ အပင်ပန်းခံရတယ်ဆိုတာ ဒီနေ့စဉ်မှတ်တမ်းထဲမှာ ထင်ထင်ရှားရှား တွေ့ရမှာပါ။ ဒီစာအုပ်ကိုဖတ်ပြီး “ဘိုလီဗီးရား” နိုင်ငံရဲ့ တောအထပ်ထပ်၊ တောင်အဆွယ်ဆွယ်၊ မြစ်အသွယ်သွယ် ကို ခက်ခဲပင်ပန်းစွာ ဖြတ်သန်းသွားလာရင်း ပြောက်ကျားစစ်ကို ဆင်နွှဲရတဲ့ တော်လှန်ရေးရဲဘော်တွေရဲ့ လှုပ်ရှားမှုဖြစ်စဉ်ထဲ ကိုယ်ကိုယ်တိုင် ရောက်သွားသလိုပါပဲ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးမဟုတ်ပေမယ့် ယုံကြည်ချက်တစ်ခုအတွက် အသက်စွန့်ရဲတဲ့ သူရဲကောင်းစိတ်ဓါတ်ဆိုတာ ဒါပါပဲလားလို့ နားလည်သွားတယ်။
ဒီစာအုပ်ထဲမှာ “ချေဂွေဗားရား” နဲ့ ပြောက်ကျားစစ်သည်တို့ရဲ့ ဇွဲ၊ ရဲစွမ်းသတ္တိ၊ ဉာဏ်အမြော်အမြင်၊ စိတ်ဓါတ်ကြံ့ခိုင်မှု စတဲ့ ပြောက်ကျားတပ်ဖွဲ့အတွက် မရှိမဖြစ် အရည်အသွေးတွေကို ပြက်ပြက်ထင်ထင် တွေ့လိုက်ရတယ်။ အစာငတ် ရေငတ် ရတဲ့နေ့ရက်တွေ၊ မိုးရေထဲ အိပ်စက်ရတဲ့ ညတွေ၊ အားကုန်နွမ်းနယ်နေပေမယ့် ချီတက်တာကို မရပ်မနား လုပ်ဆောင်ရတာတွေ၊ ဖျားနာနေမကောင်းပေမယ့် ဆေးဝါးမရှိလို့ ကျိတ်ခံကြရတဲ့ အဖြစ်တွေ၊ တိုက်ပွဲမှာ ဒဏ်ရာရပေမယ့် တိုက်ခိုက်မှုကို ဆက်လုပ်ခဲ့တာတွေ စတဲ့ သာမန်လူတွေ ရင်မဆိုင်ရဲတဲ့ ဆင်းရဲဒုက္ခမျိုးစုံကို တစ်နှစ်ကျော်ကာလအတွင်း ကြံ့ကြံ့ခံဖြတ်သန်းခဲ့ကြတယ်။
“ချေ” တစ်ယောက် ပန်းနာရင်ကျပ်ရောဂါရဲ့ နှိပ်စက်တာကို နေ့စဉ်နဲ့အမျှ ခံစားနေရပေမယ့် သူ့ကြောင့် တော်လှန်ရေးအရှိန်ကို ဘယ်တော့မှ အားမလျော့စေခဲ့ဘူး။ ယုံကြည်ချက်အပေါ်မှာ လက်လျှော့လိုက်မယ့် အတွေးမျိုး ဘယ်တော့မှ မတွေးဘူး။ အခက်ခဲဆုံး အခြေအနေမှာတောင် ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ စိတ်ဓါတ်ကြံ့ခိုင်မှု၊ ဉာဏ်အမြော်အမြင်ရှိမှု၊ စီမံခန့်ခွဲနိုင်မှုတွေက တကယ့်အံ့မခန်းပါပဲ။
“ချေ” အတွက်တော့ ပြောက်ကျားစစ်သည်တွေရဲ့ လုပ်ရပ်ဟာ ကမ္ဘာပေါ်မှာ ဂုဏ်ယူစရာ အကောင်းဆုံး လုပ်ရပ်လို့ အမြဲတမ်း ရှုမြင်ခဲ့တယ်။ ရာထူး၊ အာဏာ၊ စည်းစိမ်ဆိုတာ သူ့အတွက် စိတ်ဝင်စားစရာ မက်မောစရာ ဘယ်တုန်းကမှ မဟုတ်ခဲ့ဘူး။ အသက်စွန့်ရတာကို အရေးကြီးတဲ့ အကြောင်းကိစ္စတစ်ခုအနေနဲ့ ဘယ်တော့မှမတွေးဘူး။ သူမရှိတော့ရင်တာင် သူ့ခံယူချက် ဇွဲသတ္တိမျိုးနဲ့ နောင်မျိုးဆက်တွေ အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြမယ်ဆိုရင် သူအသက်စွန့်ရတာ ထိုက်တန်တယ်လို့ အမြဲတမ်းယုံကြည်နေသူ။
တစ်ကမ္ဘာလုံးကို တုန်လှုပ်စေခဲ့တဲ့ နာမည်ကျော် ပြောက်ကျားခေါင်းဆောင်တစ်ယောက်ပေမယ့် သူ့နေ့စဉ်မှတ်တမ်းထဲမှာ သူ့ကိုယ်သူ ဂုဏ်ရည်သွေးတဲ့ စကားတစ်ခွန်းမှမပါ။ နှိမ့်ချရိုးကျိုးခြင်းနဲ့ ရိုးသားဖြောင့်မတ်ခြင်းတွေပဲ သူ့စကားလုံးရဲ့ အရိပ်တွေမှာ ထင်ဟပ်နေခဲ့တယ်။
တရားမျှတမှုကို ချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်ကြောင့် ဘဝစွန့် အသက်စွန့်ပြီး တော်လှန်ရေး လုပ်ဆောင်ခဲ့သူ ကမ္ဘာပေါ်မှာ အထင်ရှားဆုံး ပြောက်ကျားစစ်သည် သူရဲကောင်းတစ်ယောက်အကြောင်း ဒါမှမဟုတ် “ချေဂွေဗားရား” အကြောင်း လေ့လာချင်တယ်ဆိုရင် ဆရာ “တက္ကသိုလ်စိုးမြတ်” ဘာသာပြန်ထားတဲ့ “ ချေဂွေဗားရား၏နေ့စဉ်မှတ်တမ်း” စာအုပ်ဟာ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်အဖြစ် ညွှန်းဆိုပါရစေရှင်။ ။
ငြိမ်းပန်
The Tanintharyi Times
