ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်သေဒဏ်ကိစ္စ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆဲဆိုတဲ့ ထားဝယ်မြို့ခံတစ်ချို့ဖမ်းဆီးခံရ

ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်သေဒဏ်ကိစ္စ လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆဲဆိုတဲ့ ထားဝယ်မြို့ခံတစ်ချို့ဖမ်းဆီးခံရ

ထားဝယ်မြို့ပေါ်မှာ အခုရက်ပိုင်း ဖမ်းဆီးခံရသူတွေထဲကတစ်ချို့ဟာ ကိုဂျင်မီနဲ့ကိုဖြိုးဇေယျာသော်အပါအဝင် ၄ဦး သေဒဏ်စီရင်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ စစ်ကောင်စီကို ဆဲဆိုခဲ့ကြသူတွေဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

ရှမ္မလည်ဆွဲရပ်ကွက်က သက်လတ်ပိုင်းအမျိုးသားတစ်ဦးကိုတော့ သေဒဏ်စီရင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီကိုဆဲဆိုတဲ့ ပိုစ့်တင်လို့ဆိုပြီး လွန်ခဲ့တဲ့နှစ်ရက် ဇူလိုင်၂၆ က ည ၉နာရီ အချိန်လောက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်ဖမ်းဆီးခဲ့ပါတယ်။

အဲဒီညမှာပဲ ကျောက်မော်ရပ်ကွက်ကအမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကိုလည်း စစ်ကောင်စီကိုဆဲဆိုလို့ဆိုပြီး ထပ်မံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

“လိပ်စာအတိအကျနဲ့ နာမည်အတိအကျနဲ့ လာဖမ်းတာပါ။ ရှမ္မလည်ဆွဲမှာဆိုရင် ကလေးတစ်ယောက်ကိုပါ ဖမ်းခေါ်သွားမယ်ဆိုပြီးခြိမ်းခြောက်သေးတယ်။ အသက်မပြည့်လို့ဆိုပြီး ထားခဲ့တာ” လို့မြို့ခံက ပြောပါတယ်။

ဒါ့အပြင် ၂၅ ရက်ညပိုင်းမှာ မြောင်းပုလဲရပ်ကွက်ထဲက လူငယ် ၁၀ဦးခန့်ကိုဖမ်းဆီးခဲ့ပြီး တချို့ပြန်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။

သေဒဏ်စီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေးသားပြောဆိုသူ ဘယ်နှစ်ဦးဖမ်းဆီးခံရပြီး ဘယ်နှစ်ဦးပြန်လွတ်မြောက်လာတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

မနေ့က ညနေပိုင်းမှတော့ မြို့သစ် ၄လမ်းထောင့်က အရက်​ဆိုင်မှာ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားခဲ့ပါသေးတယ်။ ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုလည်း မသိရှိရပါဘူး။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အင်အားအလုံးအရင်းနဲ့ ညဘက် ကင်းလှည့်တာတွေကို အခုရက်ပိုင်းမြို့ပေါ်မှာ ပြုလုပ်နေပြီး ရှောင်တခင်ဝင်ရောက်ဖမ်းဆီးတာတွေကိုလည်း ခပ်စိပ်စိပ်ပြုလုပ်လာနေပါတယ်။

စစ်ကောင်စီရဲ့ လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်တဲ့ ဟန်ငြိမ်းဦးဟာဆိုရင် သေဒဏ်စီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းရေးသားသူ​တွေ၊ စစ်ကောင်စီကို မထောက်ခံကြောင်းပြောဆိုနေသူတွေ၊ တော်လှန်ရေးမှာပါဝင်နေသူတွေကို နေရပ်လိပ်စာ၊ အချက်အလက်တွေ တင်ပြီး ဖမ်းဆီးခိုင်းတာမျိုးတွေ လုပ်ဆောင်နေပါတယ်။

The Tanintharyi Times