ရိုဟင်ဂျာ ၂၀၀ နီးပါး လိုက်ပါလာတဲ့ လှေ အင်ဒိုနီးရှားမှာဆိုက်ကပ်
ရိုဟင်ဂျာ ၂၀၀ နီးပါး လိုက်ပါလာတဲ့ လှေ အင်ဒိုနီးရှားမှာဆိုက်ကပ်
တနင်္လာနေ့က အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်ကိုရိုဟင်ဂျာ မွတ်စလင် ၁၈၄ ဦး ရေကြောင်းကနေ ထပ်မံ ရောက်ရှိလာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အခုဆိုရင် ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည် စခန်းတွေနဲ့ မြန်မာနိုင်ငံရဲ့ စိုးရိမ်ဖွယ် အခြေအနေတွေကနေ လှေတွေနဲ့ အင်ဒိုနီးရှားကို တိမ်းရှောင်ထွက်ပြေးလာသူ ရာပေါင်းများစွာ ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက မြန်မာနိုင်ငံမှာ အလွန်အမင်း ဖိနှိပ်ညှဉ်းပန်းခံနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေအတွက် ၂၀၂၂ ခုနှစ်ဟာ ဆယ်စုနှစ်တစ်ခုအတွင်း ပင်လယ်ပြင်မှာ အသေအပျောက်အများဆုံးနှစ်တစ်နှစ် ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အာချေး ဒေသခံ ငါးဖမ်းအဖွဲ့အစည်းရဲ့ အကြီးတန်း အဖွဲ့ဝင် Miftah Cut Ade က တိမ်းရှောင်လာသူတွေဟာ တနင်္လာနေ့ ဒေသစံတော်ချိန် နံနက် ၃း၃၀ ခန့်မှာ ရောက်ရှိလာတာဖြစ်ပြီး အမျိုးသမီးနဲ့ ကလေး ၉၀ ပါဝင်တယ်လို့ ပြောကြားခဲ့ပါတယ်။
နယ်မြေတာဝန်ခံ ရဲတပ်ဖွဲ့က ဆိုက်ရောက်လာသူအားလုံး ကျန်းမာရေး ကောင်းမွန်ကြောင်း ဖုန်းနဲ့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
ရိုဟင်ဂျာ အများစုဟာ မြန်မာမှာ ဖိနှိပ်သတ်ဖြတ်မှုတွေ စတင်ဖြစ်ပွါးချိန်ကစကာ ပင်လယ်ရေပြင် ငြိမ်သက်တဲ့ ကာလတွေ ဖြစ်တဲ့ နိုဝင်ဘာလ ကနေ ဧပြီလအတွင်း အိမ်နီးချင်း နိုင်ငံတွေ ဖြစ်ကြတဲ့ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ် အပါအဝင် မွတ်ဆလင် အများစု နေထိုင်ရာ မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကို သစ်သားလှေတွေ အသုံးပြုကာ သွားရောက်ဖို့ ကြိုးစားလေ့ရှိပါတယ်။
သူတို့ထဲက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာဟာ ပင်လယ်ပြင်မှာပဲ ပင်ပန်းနွမ်းနယ်မှု၊ ငတ်မွတ်မှု၊ အခြားရောဂါဘယ တွေနဲ့ အသက်ဆုံးရှုံးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက စကာ ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်ပြင် ကနေ အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်အစွန်ဆုံး ဒေသဖြစ်တဲ့ အာချေးကို ရောက်လာသူ ရိုဟင်ဂျာ ၉၁၈ ဦးကို မှတ်တမ်းတင်ထားတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်မှာ ရိုဟင်ဂျာ ၁၈၀ ဦး ဆိုက်ရောက်ခဲ့တာကြောင့် ၂၀၂၂ ခုနှစ်နဲ့ ယှဉ်ကြည့်ပါက အဆမတန် များလာတာ ဖြစ်ပါတယ်။
လက်ရှိမှာ ရိုဟင်ဂျာ ၁ သန်းနီးပါးဟာ ဘင်္ဂလားဒေ့ရှ်မှာ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရပြီး အဲဒီအထဲမှာ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က လူအများသေစေနိုင်တဲ့ ဖိနှိပ်ဖြိုခွင်းမှု ပြုလုပ်ခဲ့တာကြောင့် ထွက်ပြေးလာသူတွေလည်း ပါဝင်ကြပါတယ်။
မြန်မာစစ်တပ်ကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။
Ref: CNN
The Tanintharyi Times
