အမေရိကန်စစ်တပ်က Transgender ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ ထရမ့်အစိုးရ အမိန့်ထုတ်

အမေရိကန်စစ်တပ်က Transgender ဝန်ထမ်းတွေကို အလုပ်ထုတ်ဖို့ ထရမ့်အစိုးရ အမိန့်ထုတ်

အမေရိကန် စစ်ဘက်ဆိုင်ရာ နယ်ပယ်တွေမှာ အလုပ်လုပ်နေကြသူတွေထဲမှာ လိင်ပြောင်းထားသူ Transgender ဝန်ထမ်းတွေကို စစ်ဆေးဖော်ထုတ်ပြီး ဖယ်ရှားရမယ်လို့ ပင်တဂွန်က အမိန့်ထုတ်လိုက်ပါတယ်။

အဲ့တာကြောင့် သက်ဆိုင်ရာဌာနတွေအနေနဲ့ မည်သူက Transgender ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်နိုင်မယ့် နည်းလမ်းတွေကို မတ်လ (၂၆) ရက် မတိုင်ခင် စဥ်းစားတင်ပြရမယ်လို့ သိရပါတယ်။

အဲဒီနောက်မှာတော့ ထုတ်ပယ်တဲ့ လုပ်ငန်းစဥ်ကို ရက် (၃၀) အတွင်း အကောင်အထည်ဖော်သွားမယ်လို့ သမ္မတ ဒေါ်နယ်ထရန့် လက်မှတ်ပါ ပင်တဂွန်စစ်ဦးစီချုပ် အမိန့်စာမှာ ဖော်ပြထားပါတယ်။

အကြီးတန်းကာကွယ်ရေးတပ်ဖွဲ့တစ်ဦးက စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်းထမ်း ၂ ဒသမ ၁ သန်းရှိတဲ့အနက် Transgender ဦးရေ (၄၂၀၀) ခန့်ရှိတယ်လို့ ကြာသပတေးနေ့က ခန့်မှန်းထားပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဥပဒေရေးရာ ဒုတိယဥက္ကဋ္ဌ Sarah Warbelow က အခုလို အမိန့်ထုတ်ပြန်မှုဟာ Transgender ဝန်ထမ်းတွေကို ကိုယ့်ဖြစ်တည်မှုကို ကိုယ်တိုင်ပြန်ပြောင်း သတ်မှတ်ဖို့ အကွက်ကျကျ ဖိအားပေးပြီး နှိပ်ကွပ်လိုက်တဲ့ လုပ်ငန်းစဥ်ဖြစ်တယ်လို့ ထောက်ပြပါတယ်။

“ရုတ်တရက်ဆိုသလို သူတို့က မင်းကို မင်းကိုယ်တိုင်သတ်မှတ်ထားတဲ့ ဖြစ်တည်မှုကနေ အခြားတစ်ခုဖြစ်ဖို့ လိုတယ်ဆိုပြီး ချက်ချင်းတောင်းဆိုတယ်။ ကိုယ်ကိုယ်တိုင် ကိုယ့်အပြင်ကို ထွက်ဖို့ အခြားသူတွေ ဖိအားပေးလာတော့မယ်” လို့ Warbelow က ရှင်းပြပါတယ်။

“တကယ်လို့ မင်းက လိင်ပြောင်းထားသူ အမျိုးသမီး စစ်မှုထမ်း တစ်ယောက်ဖြစ်တယ်။ စစ်တပ်ထဲက မင်းအချစ်ဆုံးသူငယ်ချင်းက အဲ့တာကို သိထားတယ် ဆိုရင် အခုမူဝါဒအပြောင်းအလဲအရ သူတို့တွေက မင်းကို “သူ”/ “အမျိုးသား” စသဖြင့် ပြောင်းလဲခေါ်ဆိုတော့မှာ ဖြစ်ပါတယ်” လို့သူကဆက်ပြောပါတယ်။

ဆက်လက်ပြီး စစ်ဘက်ဆိုင်ရာ ဝန်ထမ်းတွေ အနေနဲ့ ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေရဲ့ လုံခြုံရေးကို ရွေးမလား၊ အထက်က အမိန့်အာဏာကို ချိုးဖောက်မလားဆိုတဲ့ ရွေးချယ်မှုတွေ ကြုံလာရတော့မှာ ဖြစ်သလို Transgender ဝန်ထမ်းတွေအနေနဲ့လည်း ကိုယ့်ရဲ့ ဖြစ်တည်မှုအပေါ် အချိန်မရွေး အပြစ်ပေးခံရနိုင်တဲ့အနေအထားမှာ ဖိအားများစွာနဲ့ နေ့စဥ်ဘဝတွေကို ဖြတ်သန်းရတော့မှာ ဖြစ်တယ်လို့ Sarah Warbelow က ဖြည့်စွက်ပြောကြားထားပါတယ်။

Reference: AP

(ယခုဘာသာပြန်သတင်းကို The Tanintharyi Times နဲ့ Connect Burma သတင်းခန်းတို့ပူးပေါင်းတင်ဆက်ပါတယ်)

The Tanintharyi Times