စစ်အုပ်ချုပ်ရေးဒေသ ပုလောမှာ စစ်ကောင်စီဂိတ်ကြေးတွေကြောင့် သီဟိုဠ်စေ့ စျေးနှိမ်ဝယ်ခံနေရ
စစ်အုပ်ချုပ်ရေးဒေသ ပုလောမှာ စစ်ကောင်စီဂိတ်ကြေးတွေကြောင့် သီဟိုဠ်စေ့ စျေးနှိမ်ဝယ်ခံနေရ
သီဟိုဠ်စေ့စျေးကောင်းရတတ်တဲ့ အချိန်ဖြစ်နေပေမဲ့ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ ပုလောမြို့နယ်မှာတော့ တခြားဒေသတွေထက် ဈေးလျော့ရနေတယ်လို့ သီဟိုဠ်စေ့စိုက်ပျိုးသူတွေက ပြောပါတယ်။
တနင်္သာရီတိုင်းထဲက ရေဖြူမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ သရက်ချောင်းမြို့နယ်တွေမှာ သီဟိုဠ်စေ့တစ်ပိဿာကို ၅,၀၀၀ ကျပ် ရနေပေမဲ့ ပုလောမြို့နယ်မှာတော့ ၃,၅၀၀ ကျပ်ပဲ ရပါတယ်။
အခုလို ဈေးအလွန်ကွာနေတာက ဝယ်လက်တွေ ပုလောကို လာချိန်လမ်းမှာ ဂိတ်ကြေးတွေပေးရတာ၊ တိုက်ပွဲ ဘယ်ချိန်ထဖြစ်မယ်မှန်း မသိဘဲ သက်စွန့်ဆံဖျား အစေ့ကောက်ယူနေရတာကြောင့် လျော့ဈေးနဲ့ဝယ်ယူ နေတာလို့ သီဟိုဠ်စေ့စိုက်ပျိုးသူတွေက ရှင်းပြပါတယ်။
ပုလော ဒေသခံစိုက်ပျိုးတောင်သူတွေဟာ ကိုယ်ရပ်ရွာကနေ ရောင်းချဖို့သွားချိန်မှာလည်း စစ်ကောင်စီဂိတ်တွေကို ဖြတ်ကျော်ရတာရှိတဲ့အတွက် ဂိတ်ကြေးပေးရတာတွေ ရှိနေပြန်ပါတယ်။
“ဂိတ်ဖြတ်ရင် ငွေပေးပြီး သွားနေရတယ်လေ။အခန့်မသင့်ရင် အဖမ်းပါ ခံရအုံးမယ်။ အဲဒီလိုမှ သွားမရောင်းရင်လည်း စားရေးက ခက်အုံးမယ်။” လို့ သီဟိုဠ်စေ့စိုက်ပျိုးသူတစ်ဦးက ပြောပါတယ်။
ပြည်ပပို့ကုန်ဖြစ်တဲ့ ရာသီသီးနှံသီဟိုဠ်စေ့က ဖေဖော်ဝါရီလမှာ ဈေးကွက်ကို စဝင်ရောက်တဲ့ ကာလဖြစ်လို့ ဈေးကောင်းရတတ်တဲ့အချိန်ဖြစ်ပါတယ်။ မတ်လဆိုရင် သီဟိုဠ်စေ့တွေ လှိုင်လှိုင်ပေါ်ပါပြီ။
ပုလောမြို့နယ်ထဲက ပလောက်မြို့ရှိ ဆင်တိုးရွာ၊ ကျောက်လုံးကြီကျေးရွာ၊ ပြင်ဘုကြီးရွာ၊ ပြင်ဘုငယ်ရွာ၊ ခန္ဓီရွာတွေက သီဟိုဠ်စေ့ အထွက်များဆုံးဖြစ်ပြီး ကျန်တဲ့ ဒေသတွေကတော့ အထွက်နည်းလာတယ်လို့ ပုလောဒေသခံတွေက ပြောပါတယ်။
“ခရူစေ့(သီဟိုဠ်စေ့)က ပုလောတစ်မြို့နယ်လုံးမှာရှိတယ်။ ဒါပေမဲ့ နောက်ပိုင်း ခရူစေ့ပင်တွေကိုခုတ်ပစ်ပြီး ပိုက်ဆံပိုရတဲ့ ကော်ပတ်ပင်(ရော်ဘာပင်)တွေ၊ ဒူးရင်းပင်နဲ့ ကွမ်းသီးပင်တွေကိုပဲ ဦးစားပေးစိုက်လာကြတယ်။ အဲဒါနဲ့နောက်ပိုင်း ခရူစေ့ထွက်နှုန်းလည်း လျော့လာတယ်” လို့ ဒေသခံတစ်ဦးက ရှင်းပြပါတယ်။
ဒါ့အပြင် ပုလောမြို့နယ်ထဲမှာ ပါဝင်တဲ့ ပလမြို့ရှိ တိုကျေးရွာ၊ ကဒဲကျေးရွာ၊ သင်္ကန်းတောရွာ စတဲ့ရွာတွေမှာလည်း သီဟိုဠ်စေ့စိုက်ပျိုးကြပေမဲ့ တိုက်ပွဲအဖြစ်အများဆုံးနယ်မြေတွေဖြစ်နေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင်ပြေးနေရလို့ သီဟိုဠ်ခြံတွေ အကုန်လုံးနီးပါး မခူးဆွတ်နိုင်ဘဲ ဆုံးရှုံးနေရပါတယ်။
ပလမြို့ထဲက စစ်ရှောင်တစ်ဦးကတော့ “အသက်လုပြေးနေရတာမို့ ကော်ပတ်ပင်တွေကော၊ ခရူစေ့ကော လှည့်ကြည့်လို့ကို မနိုင်ပါဘူးအေ။ အမေတို့တော့ငတ်တော့မယ်။ စီးပွားရေးလည်း မလုပ်ရ။ မြန်မြန်သာပြီးစေချင်တော့တယ်” လို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရတဲ့ ပုလောမြို့နယ်က ဒေသခံအများစုဟာ ရေလုပ်ငန်းနဲ့ ဥယျာဥ်ခြံလုပ်ငန်းကို အဓိက လုပ်ကိုင်၊ အသက်မွေးဝမ်းကြောင်းပြုကြပါတယ်။
အခုလ ၂ ရက်နေ့ကစလို့ စစ်အုပ်ချုပ်ရေးဒေသအဖြစ် သတ်မှတ်ခံထားရတဲ့ ပုလောမြို့နယ်ထဲမှာ ရွာ ၃၀ လောက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
Connect Burma
The Tanintharyi Times
