တော်လှန်ခရီးမှာ အရောင်မပြောင်းစေချင်ပါ

တော်လှန်ခရီးမှာ အရောင်မပြောင်းစေချင်ပါ

ပြောင်းလဲခြင်းတရားကသာ ထာဝရတည်မြဲနေတဲ့အရာ ဖြစ်သတဲ့။ ခြေထောက်အနီးတဝိုက်မှာ ပျံ့ကြဲနေတဲ့ ရော်ရွက်ဝါတွေကို ငေးကြည့်ရင်းက အဲဒီစကားလုံးကို စိတ်ထဲမှာအမှတ်မထင် ရွတ်ဆိုမိသွားတယ်။ ဆိုလိုတာက ဘယ်အရာမှ မတည်မြဲဘူးပေါ့။

အချိန်ကာလရဲ့ တိုက်စားမှုအောက်မှာ အရာအားလုံးရွေ့လျားပြောင်းလဲနေတယ်ဆိုတာ သဘာဝတရားပဲလား။ မပြောင်းမလဲ တည်ရှိနိုင်တဲ့ အရာမျိုးရော ဒီလောကမှာ မရှိတော့ဘူးလား။ တည်မြဲခြင်း တစ်ခုတစ်လေများ ရှိနေနိုင်ဦးမလား။

အနည်းငယ် အေးစက်လာတဲ့ ဆောင်းလေအောက်မှာ ဒီလိုရူးနှမ်းနှမ်း အတွေးတွေထဲ စီးမျောရင်း အတွေးဖွာ နေမိတယ်။ 

ခြေထောက်နားက ရွက်ဝါတစ်ရွက်ကို ကောက်ကိုင်ပြီး ခပ်ဖွဖွ ပွတ်သပ်မိတော့ စိတ်ထဲမှာ အတွေးတစ်စက ဖျတ်ကနဲ ဖြတ်ပြေးသွားတယ်။

အရာဝတ္ထုပစ္စည်းတွေ ပြောင်းလဲတယ်ဆိုတာ အချိန်ကာလတိုက်စားမှု သဘာဝတရားကြောင့်ပဲ။ ဒါဆိုရင် လူတွေရဲ့ စိတ်ခံစားချက်ကရော၊ ဘယ်လိုအကြောင်းကြောင့် ပြောင်းလဲသွားနိုင်သလဲ။ ရပ်တန့်လို့မရတဲ့ ပြောင်းလဲမှုတွေကြား တည်မြဲအောင် စောင့်ထိန်းသင့်တဲ့ အရာတွေလည်း ရှိနေဦးမှာပါ။

ဖမ်းဆုပ်လို့မရ၊ ကြည့်ရှုစမ်းသပ်လို့မရပေမယ့် ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ချက်ဆိုတာ လူသားတွေကြားမှာ အင်အားအကြီးမားဆုံး လွှမ်းမိုးထားတဲ့ စွမ်းအင်တွေပါပဲ။ အဲဒီအရာတွေကို မယိမ်းမယိုင် စောင့်ထိန်းထားနိုင်တာကိုပဲ သစ္စာတရားလို့ ဆိုနိုင်လေမလား။

နွေဦးတော်လှန်ခရီးမှာလည်း အောင်ပွဲသတင်းတွေက ဒေသအတော်များများမှာ ဆက်တိုက်ကြားလာရတယ်။ စစ်ဘေးစစ်ဒဏ်ကို အလူးအလိမ့် ခံနေရပေမယ့် တော်လှန်တပ်သားတွေနဲ့ ပြည်သူတို့ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းနဲ့ တော်လှန်ရေးအပေါ် ယုံကြည်စိတ်ဟာ ကြီးမြတ်တဲ့ အံ့မခန်းစိတ်စွမ်းရည်တွေအဖြစ် ဆက်လက်တည်ရှိနေဆဲပါပဲ။

ဒါပေမယ့် တချို့သော တော်လှန်ရေးသမားတို့ရဲ့ အရောင်ပြောင်းလဲမှုကိုတော့ ပုပ်အဲ့နေတဲ့ အနံ့အသက်နဲ့အတူ ဟိုနားတစ်စ ဒီနားတစ်မျှင် ကြားနေရပြန်တယ်။ အာဏာရှင် ပြုတ်ကျဖို့အတွက် တွန်းလှန်ရင်းက မိမိကိုယ်တိုင် အာဏာရှင်ဖြစ်မှန်းမသိ ဖြစ်သွားကြတဲ့ ဇာတ်လမ်းတွေ ဆိုပါတော့။ 

အကောင်းကနေ အဆိုး၊ အမှန်ကနေ အမှားဘက်ကို ပြောင်းလဲသွားဖို့အတွက် အကြောင်းရင်းခံတွေ တစ်ခုထက်မက ရှိနိုင်တယ် ဆိုပေမယ့် ယုံကြည်ချက်အပေါ် တသမတ်တည်းထားတဲ့ တည်ကြည်ခိုင်ခံ့တဲ့စိတ်ဓါတ် အားနည်းတာက အဓိကဖြစ်လိမ့်မယ် ထင်ပါရဲ့။

အမှန်တရားအပေါ်ထားတဲ့ ယုံကြည်ချက်၊ ခံယူချက်တွေယိမ်းယိုင်တိမ်းစောင်းသွားတာဟာ ကြားခံပစ္စည်းတစ်စုံတစ်ရာကြောင့်ဆိုရင် အဲဒီအရာက ဘာများဖြစ်မလဲ။ ငွေကြေးလား၊ စည်းစိမ်လား၊ အာဏာလား။ ဒါမှမဟုတ် ဖက်တွယ်ထားတဲ့ ယုံကြည်ချက်ကို လက်လွှတ်လိုက်ရလောက်အောင် အခက်အခဲ ပြဿနာတွေက ကြီးမားလေးလံလွန်းနေလို့လား။

ပြောင်းလဲဖို့အတွက် ကြားခံပစ္စည်းအကြောင်းတွေးရင်း စိတ်အစဉ်ဟာ လက်ထဲက ဝါကျင်ကျင် ရွက်ကြွေလေးနဲ့ဝေးရာကို လွင့်ပါးသွားပြီး ကဗျာတစ်ပိုင်းတစ်စနဲ့ ခလုတ်တိုက်မိပြန်

တယ်။ 

“လစ်တမတ်စက္ကူပြာ… အက်ဆစ်မှာထည့်… ပကတိနီသွားစေသည်… လစ်တမတ်စက္ကူနီ…ဗေ့ရည်မှာထည့် ပကတိပြာသွားစေသည်… ပန်းနုရောင် နှလုံးသား…ဘာဂုဏ်များမြောက်လို့… အစိမ်းရောင် ပြောင်းသွားတာလည်းကွယ်…”။ ဆရာ ‘မင်းလူ’ ရဲ့ ကဗျာလေး။

တချို့နှလုံးသားတွေဟာ တာထွက်စမှာ အားနဲ့မာန်နဲ့ ကြိုးစားခဲ့ပေမယ့် ပန်းတိုင်မရောက်မီ လမ်းခုလတ်မှာပဲ အရောင်းပြောင်း သွားတတ်ကြတာမျိုးကိုး။ 

အာဏာနဲ့ စည်းစိမ်တို့ရဲ့ ဖျားယောင်းမှုဒဏ်ကို မခံနိုင်ဘဲနဲ့ ဘယ်လိုအမှန်တရားကိုဆက်ရှာလို့ ရနိုင်ဦးမလဲ။အမှန်တရားအတွက် တိုက်ပွဲဝင်ကြတဲ့အခါ ကိုယ့်ရဲ့ ယုံကြည်ချက်အပေါ်မှာ ယိမ်းယိုင်တိမ်းစောင်းခြင်းမရှိ စိတ်ကိုတသမတ်တည်း ထားနိုင်ဖို့က အရေးကြီးဆုံးလို့ ထင်ပါတယ်။ 

တော်လှန်ရေးသမားဆိုတာ ပြည်သူတွေ အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့အတွက်သာ လက်နက်၊ အာဏာ၊ နေရာတစ်ခုခုကို ရယူထားရသူတွေပါ။ လက်နက်ကြောင့်သာ အရောင်ပြောင်းရစတမ်းဆိုရင် ပုံပြင်ထဲက‘ပုတ်သင်ညို’ တစ်ကောင်နဲ့ ဘာများခြားနားနေဦးမှာလဲ။

ဟိုး…ရှေးရှေးတုန်းကပေါ့။ မြို့ရိုးတံခါးနားမှာ ကပ်တွယ်နေတဲ့ ပုတ်သင်ညိုတစ်ကောင်က ရှင်ဘုရင်ကြီး မြို့တံခါးကအဝင်အထွက်လုပ်တိုင်း သူ့ဦးခေါင်းကို နှိမ့်ချပြီး အရိုအသေပေးသတဲ့။ အဲဒီလို အရိုအသေပေးနေတာ နှစ်အတန်ကြာတော့ လိမ္မာလှတဲ့ ပုတ်သင်ညိုလေးကို ရှင်ဘုရင်က ဆုချတဲ့အနေနဲ့ ပုတ်သင်ညိုလည်ပင်းမှာ ရွှေဒင်္ဂါးတစ်ပြားဆွဲပေးလိုက်သတဲ့။ 

နောက်တစ်နေ့ ရှင်ဘုရင်ထွက်လာတော့ ပုတ်သင်ညိုကအရိုအသေပေးဖို့ နေနေသာသာ ခေါင်းတထောင်ထောင်နဲ့ ဘုရင်ကို လှည့်လို့တောင် မကြည့်ဘူးတဲ့။ ဘယ်လိုများဖြစ်တာတုန်းလို့ ရှင်ဘုရင်ကမိန့်တော့ ပညာရှိအမတ်ကြီးက ရွှေဒင်္ဂါးတစ်ပြားကြောင့် သူ့ကိုယ်သူ ဇမ္ဗူမှာတစ်လူလို့ ထင်သွားလို့ပါတဲ့။ 

ဒါနဲ့ ရွှေဒင်္ဂါးကို ဖြုတ်လိုက်တော့မှ အရင်ကအတိုင်း ဘုရင်ကိုပြန်ပြီး ဂါရဝပြုရှာသတဲ့လေ။

တခါတလေတော့လည်း ကျွန်မတို့မှာ ကိုယ်တကယ်မပိုင်ဆိုင်တဲ့အရာကို ကိုယ့်အပိုင်ထင်ပြီး မာနတစ်ခွဲသားနဲ့ ခေါင်းမော့တတ်ကြတယ်။ ‘ရာထူး’ ကို အမြင့်မှာစံရတဲ့ ဂုဏ်တစ်ခုလို ထင်ယောင်ထင်မှား ဖြစ်သွားတတ်တာမျိုး။ တကယ်တန်းကျတော့ ‘ရာထူး’ ဆိုတာ ထမ်းဆောင်ရမယ့် ‘တာဝန်’ အမျိုးမျိုးအတွက် သတ်မှတ်ချက်တစ်ခုမျှသာပါပဲ။

တော်လှန်ဘက်တော်သားတွေ အနေနဲ့ တော်လှန်ရေးအောင်မြင်ဖို့အတွက် တာဝန်အသီးသီး ကြိုးစားထမ်းရွက်ကြရတယ်။ ပုတ်သင်ညိုရဲ့ ရွှေဒင်္ဂါးလို ‘ရာထူး’ သတ်မှတ်ချက်တွေနဲ့ ယှဉ်တွဲပြီး အလုပ်လုပ်ရတဲ့အခါ အထူးသတိထားဖို့ လိုအပ်ပါတယ်။

တော်လှန်ရေးလုပ်ဆောင်တာဟာ ပန်းနဲ့ပေါက်တာမဟုတ်၊ အသက်နဲ့ရင်းထားရလို့ ဘယ်လောက်အထိ ပင်ပန်းဆင်းရဲရတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီဆင်းရဲဒုက္ခတွေကြောင့် အာဏာရှင်ဆန်ဆန် အရောင်ပြောင်းသွားမှာကိုတော့ စိုးလှပါတယ်။ 

ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဖြေရှင်းကြတဲ့အခါ အာဏာရှင်လို အမူအကျင့်မျိုးနဲ့ ဖြေရှင်းဖို့ကြိုးစားခဲ့မယ်ဆိုရင် အာဏာရှင်စနစ်ဟာ ဒီလူ့အဖွဲ့အစည်းမှာ နောက်ထပ်အမည်နာမတစ်မျိုးနဲ့ လည်ပတ်နေဦးမှာပါပဲ။ 

တော်လှန်ရေးအတွက် စွန့်လွှတ်အနစ်နာခံရတာတွေကြောင့် အာဏာရှင် တစ်စိတ်တစ်ပိုင်း ဖြစ်သွားစေမယ့် လုပ်ရပ်မျိုး ပြည်သူတွေအပေါ် လုပ်ဆောင်မိတယ်ဆိုရင် အချိန်မီပြုပြင်ကြရအောင်ပါ။ စစ်မိစ္ဆာတွေနဲ့ တိုက်ပွဲဝင်ရတဲ့ အဓိကရည်ရွယ်ချက်ဟာ ပြည်သူတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကြောင့်ပဲ မဟုတ်ပါလား။ အဲဒီချစ်ခြင်းမေတ္တာကို အရင်းခံပြီး ဘယ်လိုအခက်အခဲကြုံကြုံ ကြိုးစားကျော်ဖြတ်ကြရအောင်ပါ။

သမိုင်းစာမျက်နှာမှာ ထာဝရရှင်သန်နေတဲ့ တော်လှန်ရေးသမား “ချေဂွေဗားရား” ကတော့ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်၊ တရားမျှတမှုကို ချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်ကြောင့် သူတော်လှန်ရေးသမား ဖြစ်လာခဲ့ရတာပါတဲ့။ အဲဒီချစ်ခြင်းမေတ္တာတွေနဲ့ တော်လှန်ရေးသစ္စာကို အသက်နဲ့လဲပြီး သူ ထိန်းသိမ်းသွားခဲ့တယ်။

ချစ်ခြင်းမေတ္တာနဲ့ ယုံကြည်ချက် အရင်းခံပြီး လုပ်ဆောင်နေသရွေ့ တော်လှန်ခရီးတလျှောက် ကြုံတွေ့ရတဲ့ ဆင်းရဲဒုက္ခတွေ၊ ဆွဲဆောင်ဖျားယောင်းမှုတွေကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မှာပါ။ ကြားခံပစ္စည်း ဓါတ်ပြုမှုတစ်ခုခုကြောင့် လစ်တမတ်စက္ကူလို အရောင်ပြောင်းသွားမှာလည်း မဟုတ်သလိုလည်မှာဆွဲထားတဲ့ ရွှေဒင်္ဂါးတစ်ပြားကြောင့် ခေါင်းတမော့မော့ လည်တမော့မော့ ဖြစ်နေမှာလည်း မဟုတ်ပါဘူး။ 

အခုဆိုရင် တော်လှန်ခရီးဟာ ရက်ပေါင်း ၁၄၀၀ ကျော်ကိုကျော်ဖြတ်ခဲ့ပြီးပြီ။ နှစ်ဟောင်းကုန်ဆုံးလို့ နှစ်သစ်ကူးတဲ့ အချိန်လည်း ရောက်လာပါပြီ။ တဝှေ့ဝှေ့ တိုက်လာတဲ့ ဆောင်းလေတမြေ့မြေ့အောက်မှာ ရွက်ဝါတွေ ဝဲလွင့်ကြွေကျရသလို အာဏာရှင်စနစ်ကြီး လဲပြိုဖို့အတွက် တော်လှန်ခရီးကို အားမာန်နဲ့ ရှေ့ဆက်လှမ်းကြရအောင်ပါ။

မတည်မြဲတဲ့ သဘာဝတရားထဲမှာ ဘယ်အရာတွေ ပြောင်းလဲသွားပါစေ။ ပြည်သူတွေအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာ၊ အမှန်တရားအပေါ်ထားတဲ့ ယုံကြည်ချက်၊ တော်လှန်ရေးအပေါ်ထားတဲ့ သစ္စာတရားတွေကိုသာ မပြောင်းမလဲထွေးပွေ့ထားသရွေ့ ဒီခရီး နီးလာဖို့ပဲ ရှိပါတယ်။

ငြိမ်းပန်

The Tanintharyi Times