ရေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူရဲ့ ကားကို မီးရှို့ပြီး စစ်တပ်ပိုင်မိုင်တဲတာဝါတိုင် တစ်တိုင် ဖျက်ဆီး
ရေးမြို့နယ်မှာ စစ်ကောင်စီသတင်းပေးဆိုသူရဲ့ ကားကို မီးရှို့ပြီး စစ်တပ်ပိုင်မိုင်တဲတာဝါတိုင် တစ်တိုင် ဖျက်ဆီး
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ဒီကနေ့ မနက် ၁၀ နာရီဝန်းကျင် အချိန့်ခန့်က တိုက်ပွဲတစ်ခု ဖြစ်ပွါးခဲ့သလို စစ်ကောင်စီသတင်းပေးဆိုသူရဲ့ ကားကိုလည်း မီးရှိုးဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ကျုံးလောင်းရွာဟောင်းနဲ့ ရေးတံတားကြီးအကြားမှာ ကင်ပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ရေးဘီလူးအဖွဲ့က လက်ဦးမှုရယူပြီး တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကြောင့် ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး အတိအကျကိုတော့ မသိရသေးပါဘူးလို့ဆိုပါတယ်။ ရေးဘီလူးအဖွဲ့ဝင်တွေကတော့ ထိခိုက်မှုမရှိပဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီသတင်းပေးဆိုသူရဲ့ ကားကိုလည်း မီးရှိုးဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
” စကစသတင်းပေးဆိုတာက ဒုဒုံးလုပ်ငန်းတွေနဲ့ မွန်ပြည်နယ်ထဲကို ဝင်ရောက်ပြီးတော့ စကစနဲ့ပူးပေါင်းတယ်။ အကျိုးတူလုပ်တယ်။ဖြတ်သန်းသွားလာတယ်။ ဒါကို အတန်တန်သတိပေးတဲ့ကြားက တားမရအောင် ဒီကောင်တွေရှေ့ဆက် တိုးလာတယ်။ ဒါကြောင့်ကားကိုမီးရှို့ပစ်လိုက်တယ်။ နောက်တစ်ကြိမ်ထပ်လုပ်တာမြင်ရင် ဒီထက်မက သက်ရောက်အောင်လုပ်မယ် ” လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။
ဒုဒုံးလုပ်ငန်းဆိုတာဟာ ၁၈ လက်မ ပတ်လည်ရှိပြီး အရှည် ၃ ပေ ၄ ပေရှိတဲ့ ရာဘာသစ်တုံးတွေ သယ်ယူပို့ဆောင်ရေးလုပ်တာကို ခေါ်တာဖြစ်ပါတယ်။
ကားပေါ်ပါတဲ့သူတွေကို တစ်စုံတစ်ရာထိခိုက်အောင်မလုပ်ပဲ လမ်းဘေးမှာပဲ ပေးနေကာ လုပ်ငန်းအပေါ် သက်ရောက်မှုကြီးတဲ့ ကားကိုပဲ မီးရှို့ဖျက်ဆီးခဲ့တာလို့ အဖွဲ့ ခေါင်းဆောင်က ရှင်းပြပါတယ်။
တိုက်ပွဲကအပြန် ရွာဟောင်းရွာနဲ့ကျောက်မိချောင်းရွာကြားမှာရှိတဲ့ စစ်ကောင်စီပိုင် မိုင်တဲတာဝါတိုင်ကိုလည်း လည်ပတ်မှုမရှိအောင် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီမှာ စစ်ရေးခြေနေတိုးမြှင့်သွားမှာဖြစ်တဲ့အပြင် ရန်သူကရန်သူလိုပြုမူနေချိန်မှာ ပြည်သူတွေအနေနဲ့ အသွားအလာလျှော့ပေးဖို့နဲ့ အပျော်မလွန်ဖို့၊ ဒီမိုကရေစီရအောင်အဘက်ဘက်က နစ်နာခံ ကြိုးစားနေကြတဲ့၊ အသက်ပေးနေကြတဲ့ ပြည်သူတွေထဲက ပြည်သူအချင်းချင်းကို ပြန်ငဲ့ပေးဖို့နဲ့ သွေးအေးမသွားကြဖို့ကို ရေးဘီလူးအဖွဲ့ခေါင်းဆောင်က သူ့ရဲ့မေတ္တာရပ်ခံချက်ကို ဗီဒီယိုနဲ့တကွ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။
The Tanintharyi Times
