ရေး-ထားဝယ်ရထားလမ်းက တံတားတစ်စင်းကို စစ်ကောင်စီတပ်ကမိုင်းခွဲပြီး PDF လုပ်တာလို့ စွပ်စွဲ

ရေး-ထားဝယ်ရထားလမ်းက တံတားတစ်စင်းကို စစ်ကောင်စီတပ်ကမိုင်းခွဲပြီး PDF လုပ်တာလို့ စွပ်စွဲ

ပုံစာ - စစ်ကောင်စီဘက်ကဖော်ပြထားတဲ့ တံတားမိုင်းခွဲခံရပြီးအခြေအနေ။

ရေး-ထားဝယ်ရထားလမ်းပိုင်းက တံတားတစ်စင်းကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးပြီး PDF တွေက မိုင်းခွဲတာလို့ စွပ်စွဲထုတ်ပြန်ထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှာ ရေဖြူဘူတာနဲ့ ထားဝယ်ဘူတာကြား၊ မောင်မယ်ရှောင်ရွာအရှေ့ဘက်က တံတားအမှတ် (၆၀၆) ကို အခုလ ၂၅ ရက်နေ့မှာ PDF တွေကမိုင်းခွဲခဲ့တယ်လို့ ရေးသားထားပါတယ်။

မိုင်းခွဲခံရတာကြောင့် တံတားသံဘောင်နဲ့ သစ်သားဇလီဖားတုံးတွေ ပျက်စီးသွားပြီး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ လည်း စစ်‌ကောင်စီဝါဒဖြန့် သတင်းစာကဆိုပါတယ်။

မောင်မယ်ရှောင်ကျေးရွာတစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကတော့ သူတို့အနေနဲ့ အဲဒီသံလမ်းတံတားကို မိုင်းခွဲတာမျိုးမရှိဘူးလို့ တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

“ဒီနေရာကို ကျနော်တို့ရောက်တောင်မရောက်ဘူး။ အဲဒီနေ့က ကျနော်တို့နဲ့ ပစ်ခတ်မှုလည်းမရှိပါဘူး။ သူတို့ပဲစစ်ကြောင်းထိုးပြီး ထွက်လာတာပါ” ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)တပ်ခွဲ ၁ က တပ်ခွဲမှူး ကိုဖားကြီးကပြောပါတယ်။

အခုလ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေက မောင်မယ်ရှောင်ရွာအပြင်ဘက်တွေ အထိစစ်ကြောင်းထိုးလာပြီး အနီးအနားတစ်ဝိုက်ကို ဒရုန်းနဲ့ဗုံးကြဲတာတွေ လုပ်ဆောင်ခဲ့တာပါ။

ဒေသခံတွေကလည်း မိုင်းခွဲခံရတဲ့နေ့က အဲဒီနေရာတစ်ဝိုက်မှာ စစ်ကောင်စီတပ်သားတွေပဲရှိနေတာဖြစ်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

“အဲဒီနေ့ညနေပိုင်းက ပေါက်ကွဲသံနှစ်ချက်ကြားတယ်။ သုံးနာရီ‌ခွဲလောက်မှာဖြစ်မယ်။ ဒီအချိန်မှာဖောက်ခွဲလိုက်တာဖြစ်နိုင်တယ်” လို့ ဒေသခံ အမျိုးသားတစ်ီဥးကပြောပါတယ်။

အဲဒီနေ့မှာ စစ်ကောင်စီက ဒရုန်းတွေနဲ့ ဗုံးကြဲမှုကြောင့် မှီအုံးတောင်ခြေက ဇရပ်အဆောင်တစ်ခုလည်း ဗုံးသီးထိမှန်ပြီး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေ ရဲ့ပြောပြချက်အရ သိရပါတယ်။

အဲဒီလမ်းပေါ်မှာဖြတ်သန်းသွားလာတဲ့ မီးရထားတွေကတော့ ကိုဗစ် ၁၉ ရောဂါဖြစ်ပြီးနောက်ပိုင်း ပြေးဆွဲတာမျိုးမရှိတော့ပါဘူး။ အဲဒီနောက်ပိုင်းမှာတော့ တံတားကို ဒေသခံတွေကပဲ အဓိက အသုံးပြုသွားလာနေတာပါ။

“ရေကြီးရင် အဲဒီလမ်းကသွားတယ်။ အသွားအလာရှိနေတဲ့လမ်းပါပဲ၊ အခုတော့ သုံးလို့မရတော့ဘူးကြားတယ်လေ” လို့ မောင်မယ်ရှောင် ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၆ ရက်နေ့ညပိုင်းမှာလည်း မောင်မယ်ရှောင်ရွာအ‌ရှေ့ပိုင်းက တံတားတစ်စင်းကို အဲဒီစစ်ကောင်စီတပ်သားတွေကပဲ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

အဲဒီတံတားဟာလည်း မောင်မယ်ရှောင်ရွာရဲ့အရှေ့ဘက်က ကျေးရွာတွေနဲ့ ဥယျာဥ်ခြံတွေဘက်ကို ဆိုင်ကယ်နဲ့ ဖြတ်သန်းသွားလာနေကြတဲ့ သံတံတားဖြစ်တယ်လို့‌ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က အခုလိုလုပ်ဆောင်နေတာဟာ ထားဝယ်မြို့နဲ့ ခုနစ်မိုင်ခန့်အကွာက မောင်မယ်ရှောင်ရွာတစ်ဝိုက်မှာ မကြာခဏတိုက်ခိုက်ခံနေရတာကြောင့် တော်လှန်ရေးတပ်တွေလာနိုင်တဲ့ လမ်းကြောင်းတွေကို ဖြတ်တောက်နေတာလို့ ဒေသခံတွေက ခန့်မှန်းပြောဆိုပါတယ်။

လက်ရှိမှာလည်း မောင်မယ်ရှောင်ရွာထဲမှာ စစ်ကောင်စီတပ်သား နှစ်ရာကျော်လောက်က တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အဲဒီစစ်ကောင်စိတပ်သားတွေဟာ အခုတစ်ပတ်အတွင်း မောင်မယ်ရှောင်ရွာထဲကနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလည်း သုံးကြိမ်အထိရှိပြီဖြစ်ပါတယ်။

The Tanintharyi Times