ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ဆရာ၊ ဆရာမ ၆ ဦးအား လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ LLPDF ထုတ်ပြန်

ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ဆရာ၊ ဆရာမ ၆ ဦးအား လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့တယ်လို့ LLPDF ထုတ်ပြန်

ဓာတ်ပုံ - ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်း (ပုံဟောင်း)

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာမှာရှိတဲ့ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမ ၆ ဦးနဲ့ ကလေးငယ်တစ်ဦးကို လွတ်မြောက်နယ်မြေတစ်နေရာသို့ ပို့ဆောင်ပေးခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က ဒီကနေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။

LLPDF အနေနဲ့ မြို့နယ်အတွင်းက Non-CDM ဝန်းထမ်းတွေကို ပြီးခဲ့တဲ့ ဇွန်လက ‌နောက်ဆုံးအနေနဲ့ CDM ဝင်ဖို့ သတိပေးတောင်းဆိုခဲ့ပေမဲ့ ထားဝယ်စိုက်ပျိုးရေးသိပ္ပံကျောင်းက ဆက်ဖွင့်ထားတာကြောင့် အခုလ ၂၀ ရက်နေ့က ကျောင်းအုပ်ကြီးနဲ့ လာရောက်ဆွေးနွေးစဥ် ပညာရေးဝန်ထမ်းတွေဘက်က LLPDF ထံပူးပေါင်းလိုတယ်လို့ပြောဆိုခဲ့တာကြောင့် ခေါ်ခဲ့တာလို့ ဆိုပါတယ်။

ပူးပေါင်းလာတဲ့ ပညာရေးဝန်ထမ်းတွေထဲမှာ ကျောင်းအုပ်ကြီးဒေါ်မြင့်မြင်ခိုင်နဲ့ ခင်ပွန်း လက်ထောက်ကထိက ဦးနိုင်ဝင်း၊ သားဖြစ်သူမောင်အောင်ဟိန်းခန့်၊ ဒုကျောင်းအုပ်ကြီး ဦးခင်မောင်ထွေး၊ ဒေါ်သန္တာအေး(လထ-ကထိက)၊ ဦးနေဆန်း(ကွင်းဆင်းလက်ထောက်)နဲ့ နော်ဖြူဖြူသန့်(ကွင်းဆင်းလက်ထောက်) တို့ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လောင်းလုံးမြို့နယ်ထဲကို စစ်ကောင်စီတပ်ဘက်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာတာနဲ့ မြို့နယ်အတွင်းမှာလည်းတိုက်ပွဲရက်ဆက်ဖြစ်နေတာကြောင့် CDM ဝင်လာတဲ့ ဆရာ၊ ဆရာမတွေကို ပို့ဆောင်ဖို့အချိန်အနည်းငယ်နှောင့်နှေးခဲ့ရသလို လုံခြုံရေးအတွက် အခုမှထုတ်ပြန်ရတာဖြစ်တယ်လို့လည်း အသိပေးထားပါတယ်။

LLPDF အဖွဲ့ ကျောင်းဝင်းထဲရောက်ချိန် ထွက်ပြေးတဲ့ ကျောင်းသူ/သားတွေကိုလည်း တုတ်နဲ့နှစ်ချက်စီရိုက်ပြီး အပြစ်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ ဒီဖြစ်စဥ်အတွင်း ကျောင်းသူတစ်ဦး လက်စွပ် တစ် ကွင်းပျောက်ဆုံးခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေမှာပါလာတဲ့ ပိုက်ဆံတွေစုဆောင်းပြီး အဲဒီကျောင်းသူကိုပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီကတော့ ကျောင်းဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကို ရိုက်နှက်နှိပ်စက်ကာ CDM ဝင်ဖို့အတင်းဖိအားပေးဖမ်းဆီးသွားတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် အခုလ ၂၂ ရက်နေ့မှာလည်း လောင်းလုံးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသိန်းဦးကို နေအိမ်အနီးမှာရှိတဲ့ ဆီအုန်းခြံထဲမှာ PDF တွေက လက်နက်ငယ်တွေနဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတော့ ဦးသိန်းဦးဟာ ပျူစောထီးတွေနဲ့အတူ လမ်းပေါ်မှာဆက်ကြေးကောက်ခံတာတွေပြုလုပ်နေသူဖြစ်ပြီး သတိပေးထားပေမယ့်ဆက်လက်လုပ်ဆောင်နေတာကြောင့် ပစ်ခတ်ခဲ့တာလို့ ထုတ်ပြန်ပါတယ်။

The Tanintharyi Times