တော်လှန်ရေးအတွက် ကဗျာစာအုပ်
တော်လှန်ရေးအတွက် ကဗျာစာအုပ်

“ဘယ်သူ့ကို စောင့်နေလဲ မေးရင်
ကျွန်တော့်မှာ အဖြေမရှိ။
တစ်ခုတော့ ပြောလို့ရတာပေါ့
ကျွန်တော် ဆေးလိပ်သောက်ရင်း
ပြောနေမိတာမျိုးပါပဲ။
ဘယ်သူ့ကိုမှလည်း မစောင့်ပါဘူး။
ဘယ်သူမှလည်း လာတော့မယ် မထင်ပါဘူး။”
နေတဲ့နေရာနဲ့ မလှမ်းမကမ်းက နေဝင်ချိန်တွေမှာ ထိုင်ငေးလို့ ကောင်းတဲ့ ကွင်းပြင် မကျ၊ သီဟိုခြံ ပေါက်စလေးက ငေးငေးရီရီ ညနေတစ်ခုမှာ ရင်ထဲငြိသွားတဲ့ ကဗျာလေးတစ်ပိုဒ်ပေါ့။
လူသန်းပေါင်းများစွာရဲ့ အိပ်မက်၊ မျှော်လင့်ချက်တွေ ဖျက်ဆီးခံထားရတဲ့ ကာလ။ လုံခြုံရေး အခြေအနေအရ တိမ်းရှောင်နေတဲ့အချိန်။
စိတ်တွေ ငုတ်တုတ်ဖြစ်နေချိန်မို့ ထင်ပါရဲ့ လူမှုကွန်ရက် စာမျက်နှာ တစ်ခုပေါ်က မောင်ဆောင်းခ ရဲ့ “ငေး – ၉” ကဗျာက ရင်ထဲငြိ။
အဲဒီနောက် သူ့ကဗျာတွေ လိုက်ရှာရင်း သူ့ရဲ့ ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA) အကြောင်း ၊ စိတ်ကူး အိပ်မက်အသစ်တွေနဲ့ သူတို့ရဲ့ ခြေလှမ်းတွေ။
အခုတော့ သူ့ရဲ့ ကဗျာစာအုပ်ကို သူတို့တပ်တော်ရဲ့ ရန်ပုံငွေအတွက် ရောင်းချပြန်တယ်။
တော်လှန်ရေးအတွက် မြေကွက် ၊ လက်ဝတ်ရတနာ၊ ပန်းချီကား စသဖြင့် လူတွေ စိတ်ခုန်လွယ်တဲ့ မျိုးစုံသော ရန်ပုံငွေ ရှာဖွေနည်းတွေကြားထဲ ကဗျာစာအုပ်လေး။
“တိတ်တဆိတ် နာကျင်ရခြင်းတွေ” တဲ့ ။ ကဗျာ အပုဒ် ၄၀ နီးပါး ပါဝင်တယ်။
အမှတ်တရစကား ရေးပေးထားတဲ့ မောင်ဖြိုးဝေ စကားနဲ့ပြောရရင် “အတိုတွေကတော့ အရသာပဲ”ပေါ့။
“မမ” ၊ “ငေး” စတဲ့ အခန်းဆက်လို ရေးထားတဲ့ ကဗျာတိုလေးတွေက လူငယ်စကားနဲ့ ပြောရရင် “မိုက်တယ်ပေါ့”ဗျာ ။ ဘယ်ဖက်ရင်ဘတ်က ကြိုးတွေကို တို့ထိနိုင်စွမ်း ရှိတယ်ပေါ့။
ကဗျာတွေအကြောင်း အများကြီး မသိပါဘူး။ ခံစားသူ တစ်ယောက်အနေနဲ့ တော်လှန်ရေးအတွက် ကဗျာစာအုပ်နဲ့ ရန်ပုံငွေ ရှာတယ်ဆိုတာနဲ့တင် ရင်ထဲငြိပြီး သွားဝယ်ဖြစ်တယ်။
“ကမ္ဘာမြေပေါ်
ခေါင်းငိုက်စိုက်ပြီး
လမ်းလျှောက်တယ်။
“တနေ့တော့ မမနဲ့
ဝင်တိုက်မိမယ်” စိတ်ကူးနဲ့။”
“မမ” ကဗျာတွေမှာ ငယ်သူတို့ရဲ့ အရူးအမူး ချစ်ခြင်း ရသ ကို ခံစားရရဲ့။
၂၀၁၃ နဲ့ ၂၀၁၇ ခုနှစ် ကာလတွေက ရေးထားတဲ့ ကဗျာတွေဖြစ်ပြီး အဲဒီကာလက သူ့ရင်ကို စေ့ဆော်ထားတဲ့ နိုင်ငံရဲ့ အရေးအရာ အခင်းအကျင်းတွေနဲ့ ဆက်စပ်တဲ့ ကဗျာတွေလည်း ပါဝင်တယ်။
“သစ္စာတရား စောင့်သိပါမယ် ဆိုတာလည်း သူတို့ပဲ။
အသက် လာမေးသမျှ
၁၈ နှစ်ပြည့်ပြီလို့လိမ်ပြောခိုင်းတာလည်း သူတို့ပဲ။”
“ကစားကွင်းမှားတဲ့ သားတို့ အနာဂတ်” လို ကလေးစစ်သားတွေကို ရည်ညွှန်းရေးထားတဲ့ ကဗျာတွေရောပေါ့။
ကျွန်တော်ကတော့ အတိုလေးတွေ ကြိုက်သူမို့ထင်ရဲ့။
“မမ” “ငေး” ကဗျာတွေပြီးရင် “အဖေ” ဆိုတဲ့ ကဗျာက ရင်ထဲ ရောက်တယ်။
“ကျွန်တော် ငယ်ငယ်က
ပူစီဖောင်း ဆော့နေရင်း ပေါက်သွားတော့
ဖေဖေက ရယ်မောပျော်ရွင်စွာ အားပါးတရ လက်ခုပ်တီးပြီး
အရှုံးတွေကို မနာကျင်တတ်အောင် သင်ပေးခဲ့ဖူးပါတယ်။”
လိင်ပိုင်းဆိုင်ရာ နံမိတ်ပုံ ခေါ်မလား။ အဲလို ခိုင်းနှိုင်းဖွဲ့ဆိုမှုလေးတွေ မကြာမကြာ ဖတ်ရတာ၊ ဖတ်တိုင်း ရင်ဘတ်ထဲ ယားကျိယားကျိဖြစ်ရတာကလည်း တမျိုးလေးပါပဲ။
တော်လှန်တဲ့ ကဗျာဆရာတစ်ယောက်ရဲ့ တော်လှန်ရေးအတွက် ကဗျာစာအုပ်ဆိုတာနဲ့တင် ခံစားကြည့်ဖို့ ထိုက်တန်နေပါပြီ။
ကဗျာတွေကို ခံစားရင်း တော်လှန်ရေးအတွက် ကူချင်တယ်ဆိုရင်တော့ ဟောဒီမှာဗျား သူတို့ရဲ့ မူရင်း စာအုပ်ကြော်ငြာ။
“ကဗျာစာအုပ်ဝယ်ပြီး BPLA ကို ကူ”
~~~~~~~~~~
မိုးတွင်းကာလ ရှေ့တန်းရောက်ရဲဘော်တွေကို ထောက်ပို့ဖို့ ၂၀၁၆ ခုနှစ်က ထွက်ရှိထားတဲ့ကဗျာဆရာမောင်ဆောင်းခရဲ့ “တိတ်တဆိတ်နာကျင်ရခြင်းတွေ” ကဗျာစာအုပ်(PDF file)ကို BPLA ရန်ပုံငွေအဖြစ် ရောင်းချသွားမှာဖြစ်ပါတယ်။
စာအုပ်တန်ဖိုးအဖြစ် အနည်းဆုံး ၃၀၀၀ ကျပ် သတ်မှတ်ထားပြီး အဲ့ဒီထက်ပိုပြီး ထည့်ဝင်ပေးကြဖို့လည်း မျှော်လင့်ပါတယ်။
မောင်ဆောင်းခရဲ့ လူကြိုက်များတဲ့ “မမ” ကဗျာတွေ၊ လူသိပ်မသိသေးတဲ့ တော်လှန်ရေးကဗျာတွေကို တစ်စုတစ်စည်းတည်း အပြည့်အစုံဖတ်ဖို့ စာအုပ်ဝယ်ရင်း တော်လှန်ရေးအတွက် ကူညီပံ့ပိုးပေးကြပါဦးဗျို့
BPLA – Venture နဲ့ Book Raffle Fundraising Program – BRFP Page တွေရဲ့ Messenger မှာ တိုက်ရိုက်ဆက်သွယ်ဝယ်ယူလို့ရပါတယ်။
The Tanintharyi Times