KNDF တပ်ဖွဲ့ တစ်နှစ်အတွင်း တပ်ရင်း ၂၀ အထိတိုးချဲ့နိုင်ခဲ့
KNDF တပ်ဖွဲ့ တစ်နှစ်အတွင်း တပ်ရင်း ၂၀ အထိတိုးချဲ့နိုင်ခဲ့
စစ်ကောင်စီကို တော်လှန်ဖို့ ဖွဲ့စည်းခဲ့တဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဖွဲ့စည်းတည်ထောင်တာ တစ်နှစ်ပြည့်ချိန်မှာ စနစ်တကျဖွဲ့စည်းထားတဲ့ တပ်ရင်းပေါင်း ၂၀ အထိ ရှိလာပြီလို့ အဆိုပါတပ်ရဲ့ သတင်းနဲ့ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်တစ်နေရာမှာရှိတဲ့ KNDF တပ်ရင်း ၅ နေရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ တစ်နှစ်ပြည့်အခမ်းအနားရဲ့ သတင်းထုတ်ပြန်ချိန်မှာ အခုလို ရေးသားထားတာပါ။
တပ်ရင်း အရေအတွက်ကို ဖော်ပြထားပေမယ့် အင်အားကိုတော့ အများသိအောင် ချပြမထားပါဘူး။
အခမ်းအနားမှာ KNDF တပ်ရင်း ၅ ရဲဘော်တွေက စစ်ရေးပြ ချီတက်အလေးပြုတာ၊ တာဝန်ရှိသူတွေနဲ့ ဗဟိုကော်မတီဝင်တွေက မိန့်ခွန်းအမှာစကားပြောတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ (MNDAA,TNLAနဲ့ AA) က KNDF ဖွဲ့စည်းထူထောင်ခြင်းတစ်နှစ်ပြည့်အခမ်းအနားကို ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ တတ်နိုင်တဲ့ အကူအညီတွေကို တတ်စွမ်းသရွေ့ ပံ့ပိုးကူညီဆောင်ရွက်ပေးမယ်လို့ ရေးထားပါတယ်။
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်( BPLA) တို့အပြင် အခြားသောမဟာမိတ်အဖွဲ့အစည်းတွေကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။
ပြည်သူတွေကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အင်အားအပြည့်နဲ့ တန်ပြန်တိုက်ခိုက်နိုင်ဖို့အတွက် ပြန့်ကျဲနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကို Karenni Nationalities Defense Force- KNDF အဖြစ် မနှစ်က ဒီလိုနေ့ မေလ ၃၁ မှာ စုစည်းဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။
KNDF ဟာ စတင်ဖွဲ့စည်းချိန်ကစပြီး ကရင်နီတပ်မတော် (KA) နဲ့ ပူးတွဲ တိုက်ပွဲဝင်နေပြီး KA စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ဘီထူးက KNDF ရဲ့ စစ်ဦးစီးချုပ်အဖြစ်လည်း တာဝန်ယူထားတယ်လို့ သိရပါတယ်။
ပြည်သူလူထုရဲ့ ထောက်ပံ့မှုနဲ့ KNDF ဟာ လက်နက်လည်း အထိုက်အလျောက် တပ်ဆင်ထားနိုင်ပြီး မဟာမိတ်တော်လှန်ရေးအင်အားစုတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်လျက်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
