လောင်းလုံးမှာ စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်သတ်ဖြတ်

လောင်းလုံးမှာ စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်သတ်ဖြတ်

ဓာတ်ပုံ - DDMSC

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူသုံးဦးကို လက်ပြန်ကြိုးတုပ်ပြီး ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီနဲ့ လောင်းလုံး ပကဖ တို့က ထုတ်ပြန်ပါတယ်။

မနေ့ည ဇွန်လ ၂၆ ရက်ည ၁၁ နာရီခွဲမှာ စစ်ကောင်စီတပ်သားတွေဟာ ကဒက်ကြီးရွာက နေအိမ် ငါးဆောင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး အသက် ၆၁ နှစ်အရွယ် လင်မယားဖြစ်တဲ့ ဦးသောင်းဝင်းနဲ့ ​ဒေါ်ဝင်းအေး(ခ)မိကြုံးတို့ကို လက်ပြန်ကြိုးတုပ်ပြီး ပစ်သတ်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ သူတို့ရဲ့ ဦးခေါင်း၊ မျက်လုံး၊ ခါးနဲ့ ဝမ်းဗိုက်တွေကို အနီးကတ်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအပြင် ဂေါ့အင်ကျေးရွာက အသက် ၅၀ ကျော်အရွယ် ဦးဆန်းဝင်းကိုလည်း နေအိမ်ရှေ့မှာ အနီးကပ် ပစ်သတ်ခဲ့ပြီး နေအိမ်မှာရှိတဲ့ ပိုက်ဆံ၊ ရွှေထည်တချို့နဲ့ ဆိုင်ကယ်တစီးကိုယူဆောင်သွားခဲ့တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီကထုတ်ပြန်ထားပါတယ်။

ကဒက်ကြီးရွာက နေအိမ်တွေမှာလည်း အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုဖျက်ဆီးခဲ့တဲ့အပြင် တန်ဖိုးကြီးပစ္စည်းတချို့နဲ့ ပိုက်ဆံတွေကိုလည်းယူဆောင်သွားခဲ့တယ်လို့သိရပါတယ်။

အဲဒီပစ်ခတ်သတ်ဖြတ်မှုတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စရဖတွေနဲ့ ပန္ဒလဲရွာမှာ စခန်းချထားတဲ့ပျူစောထီးတွေပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး ဇွန်လ ၁၆ ရက်ကနေ ၂၆ ရက်အထိ ပစ်သတ်ခံရသူ ၈ ဦးအနက် သေဆုံးသူ ၆ ဦးရှိနေပြီဖြစ်ပါတယ်။

The Tanintharyi Times