ပကာရီရွာသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထား၊ မိသားစုနဲ့ဆက်သွယ်ခွင့်မပေးဟုဆို

ပကာရီရွာသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးထား၊ မိသားစုနဲ့ဆက်သွယ်ခွင့်မပေးဟုဆို

ထားဝယ်မြို့နယ်၊ ပကာရီရွာက ရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးထားပြီး မိသားစုနဲ့ ဆက်သွယ်ခွင့်မပေးဘူးလို့ ဒေသခံတွေနဲ့ ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတွေဆီကနေ သိရပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၃၅ နှစ်အရွယ် ကိုပေသီးဆိုသူဖြစ်ပြီး ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ကာ အသက်မွေးဝမ်းကြောင်းပြုနေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပကာရီရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက ကိုပေသီးရဲ့နေအိမ်ကို အခုလ ၂၅ ရက်နေ့က လာရောက်ပြီး ဖမ်းခေါ်သွားတာ ပါ။

ဒေသခံတစ်ဦးကတော့ ” သတင်းပေးရှိလို့သာ နေအိမ်မှာ အတိအကျဝင်ဖမ်းခံရတာ‌ပေါ့။ ရွာမှာက သတင်းပေးတွေများလာတယ်။ ရွာကို ဗိုလ်အသစ် ပြောင်းလာပြီးကတည်းကပဲ။” လို့ ပြောပါတယ်။

ကိုပေသီးကို မိသားစုနဲ့ဆက်သွယ်ခွင့်မပြုဘဲ ဖမ်းဆီးပြီး နှစ်ရက်အကြာမှာ ထားဝယ်မြို့ဘက်ကို စစ်ကောင်စီတပ်က ခေါ်ယူသွားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုပေသီး ဖမ်းခံရပြီး နောက်တစ်ရက်မှာပဲ ပကာရီရွာသား‌ နောက်တစ်ဦးကိုလည်း စစ်ကောင်စီတပ်က ရဲစခန်းမှာ လာရောက်စစ်ဆေးခံဖို့ ခေါ်ခဲ့တဲ့အတွက် စစ်ဆေးခံနေရတယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ ” အခုနောက်ပိုင်း ဒလန်တွေရဲ့အခန်းကဏ္ဍက နယ်ကျယ်လာတယ်။ တော်လှန်ရေးအဖွဲ့တွေကထွက်ပြီး အချက်လက်တွေဖော်နေတဲ့သူတွေလည်းအများကြီးပဲ။ ဒါကတော့ နေရာအစုံမှာကြုံနေရတာပေါ့။ အခုကိစ္စမှာ ဒါကြောင့်အများကြီးပါနေတယ်လို့တော့ ကျွန်တော်တို့သိထားရတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေ‌ဖော်ဝါရီလက ပကာရီရဲစခန်းကို ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။

The Tanintharyi Times