စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေအသစ်အရ နိုင်ငံရေးပါတီတွေ ပါတီဝင်အင်အား တစ်သိန်းရှိရမယ်
စစ်ကောင်စီထုတ်ပြန်တဲ့ ဥပဒေအသစ်အရ နိုင်ငံရေးပါတီတွေ ပါတီဝင်အင်အား တစ်သိန်းရှိရမယ်
စစ်ကောင်စီဥက္ကဌလက်မှတ်ထိုးပြီး မနေ့ကထုတ်ပြန်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ်မှာ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံး၊ ရွေးကောက်ခံမဲ့ပါတီဟာ ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်းကို စည်းရုံးရမယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစပြီး ရက်ပေါင်း ၉ဝ အတွင်း ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမဲ့ ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး တစ်သိန်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်းမှာပဲ စည်းရုံးမဲ့ ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် ရှိရမယ်လို့ ပြဌာန်းထားပါတယ်။
စစ်ကောင်စီဖျက်သိမ်းလိုက်တဲ့ ဥပဒေအဟောင်းမှာတော့ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမဲ့ပါတီဆိုရင် ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင်နဲ့ ပြည်နယ်၊ တိုင်းဒေသတစ်ခု အတွင်းမှာဆို ပါတီဝင် အင်အား ငါးရာရှိရမယ်လို့ ပြဌာန်းထားတာပါ။
စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ကတော့ ဥပဒေအသစ်ပြဌာန်းတာနဲ့ ပတ်သက်ပြီး “ လေ့လာသလောက် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတွေ၊ ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးပါတီတွေအများကြီးမရှိဘူး။ အဓိကနိုင်ငံရေးပါတီ နှစ်ခု၊ သုံးခုထပ် ပိုရှိတာ မတွေ့ရဘူး။ ပြုပြင်ပြောင်းလဲမဲ့ ဉပဒေမှာတော့ နိုင်ငံရေးအရစုစည်းအင်အားရှိတဲ့ ပြည်သူတွေရဲ့ အင်အားကို လက်တွေ့အကောင်အထည်ဖော်နိုင်တဲ့ အင်အားကောင်းတဲ့ စုစည်းညီညွတ်မှုရှိတဲ့ နိုင်ငံရေးပါတီတွေ ပေါ်ထွန်းလာဖို့ရည်ရွယ်ဆောင်ရွက်တာဖြစ်ပါတယ်။ “ လို့ ဘီဘီစီကို ပြောထားတာတွေ့ရပါတယ်။
ဥပဒေအသစ်အရ ပါတီရန်ပုံငွေနဲ့ ပတ်သက်ပြီးလည်း ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမဲ့ ပါတီဆိုရင် ကျပ်သိန်း ၁၀၀၀၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်းဆိုရင် ကျပ်သိန်း ၁၀၀ ကို မြန်မာ့စီးပွါးရေးဘဏ်တစ်ခုခုမှာ ငွေစာရင်းဖွင့်လှစ်ထားရမှာပါ။
စစ်ကောင်စီရဲ့ ဥပဒေအရ နိုင်ငံရေးပါတီတည်ထောင်လိုသူတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစပြီး ရက်ပေါင်း ၁၈၀ ( ၆ လ ) အတွင်း ပြည်ထောင်စုတစ်ဝန်း မြို့နယ်အားလုံးရဲ့ အနည်းဆုံးထက်ဝက်မှာ ပါတီရုံးခန်း ဖွင့်လှစ်ရမှာဖြစ်ပါတယ်။ နိုင်ငံမှာ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အတွက် အနည်းဆုံး အရေအတွက် ၁၆၅ မြို့နယ်မှာ ပါတီရုံးခန်း ဖွင့်ရမဲ့ သဘောပါပဲ။
တိုင်းနဲ့ ပြည်နယ်တစ်ခုအတွင်းမှာပဲ စည်းရုံးမဲ့ ပါတီကတော့ သူ့ဒေသအတွင်းက မြို့နယ် အားလုံးရဲ့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်း ဖွင့်လှစ် ရမှာ ဖြစ်ပါတယ်။
တည်ရှိနေဆဲ ပါတီတွေဟာ စစ်ကောင်စီဥပဒေပြဌာန်းတဲ့ နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီရဲ့ ကော်မရှင်ထံကို ပါတီမှတ်ပုံတင်ခွင့် ပြန်လျှောက်ရမှာ ဖြစ်ပြီး ပြန်မလျှောက်ထားရင်တော့ နိုင်ငံရေးပါတီအဖြစ်က အလိုအလျောက် ပျက်ပြယ်တယ်လို့ ဖော်ပြထားပါတယ်။
The Tanintharyi Times
