စစ်ကောင်စီရွေးကောက်ပွဲမှာ မဲရုံမှူးတာဝန်ထမ်းဆောင်ရမယ့် Non CDM ဆရာ၊ ဆရာမတချို့စိုးရိမ်ထိတ်လန့်နေ

စစ်ကောင်စီရွေးကောက်ပွဲမှာ မဲရုံမှူးတာဝန်ထမ်းဆောင်ရမယ့် Non CDM ဆရာ၊ ဆရာမတချို့စိုးရိမ်ထိတ်လန့်နေ

ဓာတ်ပုံ - ၂၀၂၀ ရွေးကောက်ပွဲကျင်းပစဥ်ကပုံဟောင်း။

အာဏာသိမ်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲရုံမှူးနဲ့မဲရုံစောင့် ​ပြုလုပ်ရမယ့် Non CDM အခြေခံပညာ ဆရာ၊ဆရာမတွေဟာ အန္တရာယ်ပြုခံရမှာကို စိုးရိမ်ထိတ်လန့်နေကြတယ်လို့ နီးစပ်သူတွေထံကသိရပါတယ်။

စစ်ကောင်စီဟာ လာမယ့်နှစ်ထဲမှာ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် ကျင်းပဖို့စီစဥ်နေပြီး အဲဒီအတွက်ပြင်ဆင်မှုတွေကို ဒီနှစ်လယ်လောက်ကစပြီးလုပ်ဆောင်နေတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ထားဝယ်ခရိုင်အတွင်းမှာ အခြေခံပညာကျောင်းတွေက လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊ ဆရာမတွေကို မဲရုံမှာလုပ်ဆောင်ရမှာတွေနဲ့ပက်သက်ပြီး သင်တန်းပေးဖို့စီစဥ်နေကြတယ်လို့သိရပါတယ်။

“အစည်းအဝေးတွေ ဒီတပတ်ထဲမှာလုပ်နေတာရှိတယ်။ အဲဒီလိုတွေလုပ်လာမှ သူတို့စိုးရိမ်လာတာ။ ငါတို့တော့ ဒီအတိုင်း အသေမခံနိုင်ဘူးလို့ပြောတယ်။ အဓိကစိုးရိမ်တာကတော့ စစ်တပ်ခိုင်းသမျှသူတို့လုပ်ရတော့မှာလေ။ သူတို့နဲ့အကာအကွယ်ယူပြီးကျင်းပတာမျိုးတောင်ဖြစ်နိုင်တယ်။ မဲရုံတွေမှာ ဘာဖြစ်မလဲဘယ်သူမှမပြောနိုင်ဘူးပေါ့” လို့လောင်းလုံးမြို့ခံတစ်ဦးက ဆရာမတစ်ဦးရဲ့တဆင့်စကားကိုပြန်ပြောပြပါတယ်။

သရက်ချောင်းမြို့နယ်နဲ့ လောင်းလုံးမြို့နယ်တွေမှာတော့ မဲရုံတာဝန်ယူရမယ့်သူကိုရွေးချယ်တာနဲ့ တာဝန်ချပေးတာတွေအထိလုပ်ဆောင်နေတယ်လို့သိရပေမယ့် သီးခြားအတည်ပြုချက်တော့မရယူနိုင်သေးပါဘူး။

လက်ရှိ စာသင်ကျောင်းတွေမှာတော့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ မပါဝင်တဲ့ဆရာ၊ ဆရာမတွေနဲ့ စစ်ကောင်စီကအသစ်ခန့်အပ်ထားတဲ့သူတွေက တာဝန်ယူ သင်ကြားနေတာဖြစ်ပါတယ်။

ထားဝယ်ခရိုင်အတွင်းကမြို့နယ်တချို့က ရပ်ကွက်တွေမှာလည်း ရပ်ကွက်အလိုက် အိမ်ထောင်စုစာရင်းကောက်ခံရတာနဲ့ အသက်အရွယ်အလိုက်စာရင်းကောက်ခံတာတွေကို အခုနှစ်လယ်လောက်ကစပြီးပြုလုပ်နေတယ်လို့သိရပါတယ်။

NUG ရဲ့ယာယီသမ္မတဒူဝါရှီးလကတော စစ်ကောင်စီက ကျင်းပမယ့် ၂၀၂၃ ရွေးကောက်ပွဲ မပျက်ပျက်အောင် ဖျက်မယ်၊ ဆန့်ကျင်မယ်ဆိုတဲ့ အဆင့်ထက် ကျော်လွန် စဉ်းစားရမှာဖြစ်ပြီး စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက် မရှိစေရေး လုပ်ဆောင်ရမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ (၇၁) ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးမှာပြောကြားခဲ့ပါတယ်။

တနိုင်ငံလုံးကတော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီကျင်းပမယ့်ရွေးကောက်ပွဲဟာ တရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် လူထုအားနဲ့တိုက်ဖျက်ကြဖို့ နည်းလမ်းအမျိုးမျိူးနဲ့ နှိုးဆော်တိုက်တွန်းနေပါတယ်။

The Tanintharyi Times