ထားဝယ်မြို့က နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမြင်ကွင်း

ထားဝယ်မြို့က နှစ်ကျိပ်ရှစ်ဆူဘုရားပွဲမြင်ကွင်း

Photo - CJ

ထားဝယ်ဒေသမှာ ချိမ့်ချိမ့်သဲကျင်းပလေ့ရှိတဲ့ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ဒီနေ့မနက်ပိုင်း ထားဝယ်မြို့ထဲမှာ လှည့်လည်ကျင်းပနေပါတယ်။

ဒီနေ့ဘုရားလှည့်ပွဲမှာတော့ အရင်ကလိုမျိုး အနယ်နယ်အရပ်ရပ်ကဘုရားဖူးတွေနဲ့စည်းကားနေတာမျိုးမရှိသလို လှည့်လည်ရာမှာလည်း ခပ်မြန်မြန်ပဲလှည့်လည်နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

နှစ်ကျိပ်ရှစ်ဆူဘုရားတွေဟာ မနက် ၆ နာရီကတည်းက လောကမာရဇိန်ဘုရားကြီးကနေ အပူဇော်ခံထွက်ခွာလာတာဖြစ်ပြီး မနက် ၉ နာရီခွဲဝန်းကျင်လောက်မှာတော့ မနက်ပိုင်းလှည့်လည်တာကိုရပ်နားထားပါတယ်။ ညနေပိုင်းမှာ ဒုတိယပိုင်းလှည့်လည်တာကို ပြန်စမယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

နှစ်ကျိပ်ရှစ်ဆူဘုရားပွဲဟာ ညပိုင်းမှာသာ အစဥ်အဆက် ကျင်းပလေ့ရှိပေမဲ့ အခုစစ်အာဏာသိမ်းပြီးနောက်မှာတော့ နေ့ဘက်မှာပထမဆုံး ကျင်းပလာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနစ်ကတော့ မြို့တွင်းလှည့်လည်တာမရှိဘဲ ဘုရားကြီးဝင်းထဲမှာသာ အပူဇော်ခံကျင်းပခဲ့ပါတယ်။

ဒီကနေ့ ဘုရားမလှည့်ခင်မနက်စောစောပိုင်းကတော့ ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုနဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီနောက် စစ်ကောင်စီတပ်သားနဲ့ရဲတွေကလည်း မြို့ပေါ်မှာ လုံခြုံရေးတင်းကြပ်တာနဲ့ ကင်းလှည့်တာတွေလုပ်ဆောင်နေပါတယ်။

The Tanintharyi Times