နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မသွားကြဖို့ ထားဝယ်အခြေခံပညာကျောင်းသားများသမဂ္ဂတိုက်တွန်း
နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မသွားကြဖို့ ထားဝယ်အခြေခံပညာကျောင်းသားများသမဂ္ဂတိုက်တွန်း
ထားဝယ်မြို့နယ်အတွင်းက မိဘပြည်သူတွေ စစ်ကောင်စီကျင်းပတဲ့ တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို ပါဝင်ဆင်နွဲခြင်းမပြုလုပ်ကြဖို့ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂကတိုက်တွန်းလိုက်ပါတယ်။
စစ်ကောင်စီဟာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုရရာနည်းလမ်းနဲ့ အတင်းပြန်ကျင်းပဖို့ကြိုးပမ်းနေကြတာကိုတွေ့ရတာကြောင့် ပြည်သူတွေအနေနဲ့ သီတင်းကျွတ်သပိတ်မျှောပွဲတော်တုန်းကလိုပဲ မပါဝင်ကြဖို့တိုက်တွန်းလိုက်တာပါ။
” ၈၈တုန်းကလည်း ထားဝယ်မှာ စစ်တပ်ဦးဆောင်ပြီး နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကိုလုပ်ဆောင်ခဲ့ပါသေးတယ်။ အခုချိန်ကာလနဲ့ယှဥ်ရမယ်ဆိုရင်တော့ ညီမတို့အနေနဲ့စည်းရုံးရေးကိုကောင်းကောင်းလုပ်နိုင်အောင်ကြိုးစားနေပါတယ်။ စကစ ဘက်ကလူတွေက အနုနည်းနဲ့သုံးပြီးစည်းရုံးရေးဆင်းကြပါတယ်။ ဥပမာ ဘာသာရေးကိုအသုံးချပြီး သီတဂူလိုဘုန်းကြီးတွေရဲ့တရားတွေနဲ့ brainwash လုပ်နေတာမျိုးပေါ့။ သူတို့ဟာ ဘာသာရေးနဲ့ပျော်ပွဲရွှင်ပွဲတွေကိုကောင်းကောင်းအသုံးချနေပါတယ်” လို့ ထားဝယ်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂတာဝန်ရှိသူကပြောပါတယ်။
အလားတူ ပြည်သူတွေအပေါ် မတရားဖမ်းဆီးသတ် ဖြတ်နေတာကိုအကာအကွယ်ယူပြီး နိုင်ငံတကာကို မျက်နှာပြဖို့အတွက် တိုင်းပြည်အေးချမ်းသယောင်ယောင်နဲ့ပွဲတော်တွေကို စီစဥ်ကျင်းပနေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
” မြန်မာတွေက အပျော်ကြိုက်တယ်ဆိုတာ သူတို့သိတယ်။ အဲ့ဒါကြောင့် တောင်ပြုံးနတ်ပွဲတွေကိုဖွင့်၊ ရန်ကုန်မှာဆို Holloween ပွဲတော်တွေလုပ်ပြီးစည်းရုံးကြပါတယ်။ ထားဝယ်မြို့နယ်ကပြည်သူတွေကတော့ ဖိနှိပ်ခံလာရတဲ့ တိုင်းရင်းသားတွေပီပီ စစ်ဖိနပ်အောက်မှာပျော်မွေ့မှာမဟုတ်ပါဘူးလို့ယုံကြည်ပါတယ် ” လို့လည်းသူကဆက်ပြောပါတယ်။
ပြည်သူတွေမပါဝင်ရင်တော့ အဓမ္မဘက်တော်သားတွေအနေနဲ့ ဘယ်လောက်ပဲပျော်ပွဲရွှင်ပွဲလုပ်ပါစေ ကျရှုံးမယ်ဆိုတာကို တထစ်ကျယုံကြည်ကြောင်းလည်း ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
စစ်ကောင်စီဘက်ကတော့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲကို မြို့ထဲလှည့်လည်အပူဇော်ခံတဲ့အစီအစဥ်မပါဝင်ပေမယ့် ဘုရားကြီးဝင်းထဲမှာ ၃ရက်တိုင်တိုင် ပွဲတော်ကျင်းပပြီးအပူဇော်ခံသွားမယ်လို့ ကြေညာထားပါတယ်။
The Tanintharyi Times

