ပုလောမှာ စစ်တပ်က ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ၁၀ ဦးတစ်ချိန်တည်းသေဆုံး
ပုလောမှာ စစ်တပ်က ဒရုန်းတွေ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အရပ်သား ၁၀ ဦးတစ်ချိန်တည်းသေဆုံး
စစ်ကောင်စီကတပ် အပူချိန်အာရုံခံပြီး ဒရုန်းအသုံးပြုပြီး နေအိမ်တစ်ဆောင်ကိုဦးတည်တိုက်ခိုက်ခဲ့
ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို စစ်ကောင်စီက မနေ့ကညပိုင်းမှာ အပူချိန်အာရုံခံပြီး ဒရုန်း၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် အိမ်ရှင်နဲ့ လာရောက်တည်းခိုနေတဲ့ ခရီးသွား စုစုပေါင်း ၁၀ ဦးသေဆုံးသွားတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ နဲ့ ဒေသခံတွေဆီက သိရပါတယ်။
ဒါဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းမှာ ဒရုန်းနဲ့ လက်နက်ကြီးကြောင့် တစ်ချိန်တည်းမှာ အရပ်သားအများဆုံး အစုလိုက်အပြုံလိုက် သေဆုံးတဲ့ ဖြစ်စဥ်ဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီးနှစ်ဦးတို့ပါဝင်ပြီး မြိတ်-ပုလောလမ်းပိုင်း ကားလမ်းသွားလာလို့မရတာကြောင့် ရပ်ဆိပ်ရွာက နေအိမ်တစ်ဆောင်မှာ ခရီးသည်တွေ ညအိပ်တည်းခိုနေချိန်အခုလို ဖြစ်ပွားခဲ့တာပါ။
“လက်နက်ကြီးတိုက်ရိုက်ထိတဲ့လူတွေက တစ်စစီတောင်ဖြစ်သွားတယ်။ ခါးပိုင်းပြတ်တာတွေ၊ ခြေတွေလက်တွေ လည်းရှိတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ပြောပါတယ်။
တနင်္သာရီတိုင်းမ်က ရရှိထားတဲ့ဓာတ်ပုံတွေမှာလည်း ကိုယ်ခန္ဓာဆိုးဆိုးရွားရွားပျက်စီးပြီး သေဆုံးနေတဲ့ရုပ်အလောင်းတွေကို တွေ့ရပါတယ်။
မနေ့က ည ၁၀ နာရီလောက်မှာ စစ်ကောင်စီက အဲဒီနေအိမ်ကို ပထမအကြိမ် ဒရုန်းနဲ့ ဗုံးသီချခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ဆီက သိရပါတယ်။ အဲဒီဗုံးသီးကြောင့် တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတာကို ကူညီကယ်ဆယ်နေကြချိန် အဲဒီနေအိမ်ကိုပဲ နောက်တစ်ကြိမ် လက်နက်ကြီးနဲ့ထပ်မံပစ်ခတ်ခံရပြီး နောက်ထပ် ၉ ဦး ထပ်မံသေဆုံးသွားတာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆိုပါတယ်။
စစ်ကောင်စီက အခုလိုပစ်ခတ်ခဲ့တဲ့ မနေ့ကညပိုင်းမှာ ဇရပ်ဆိပ်ရွာတစ်ဝိုက် တိုက်ပွဲဖြစ်ပွားနေတာမရှိခဲ့ဘူးလို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။
တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ စစ်ကောင်စီက ညဘက်မှာအပူချိန်အာရုံခံပြီး အခုလိုလုပ်ဆောင်တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဆိုပါတယ်။
“ညကြည့်ဒရုန်းကင်မရာတွေနဲ့ အပူချိန်အာရုံခံပြီး လူတွေစုနေတာကိုသူတို့မြင်လို့ ဒရုန်းနဲ့ဗုံးသီးချတာပါ။ ဒရုန်းချခံရတော့ မီးတွေထဖွင့်ပြီး ကူညီနေတဲ့အချိန် လက်နက်ကြီးနဲ့ ထပ်ပစ်တာ။ ဒရုန်းထိတာနဲ့ လက်နက်ကြီးထိတာ နှစ်မိနစ်သုံးမိနစ်လောက်ပဲခြားတယ်” လို့ ပြန်ကြားရေးတာဝန်ခံ ကိုအာနိုးက ဆက်ပြောပါတယ်။
သေဆုံးသူ ၁၀ ဦးထဲမှာ ၉ ဦးက ခရီးသည်တွေဖြစ်ပြီး ကျန်တစ်ဦးက အိမ်ရှင်အမျိုးသားဖြစ်ပါတယ်။ နောက်ထပ်ခရီးသည်နဲ့ အိမ်ရှင် ၅ ဦးထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပုလောမြို့နယ်အတွင်းမှာ အခုလ ၂၃ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီဘက်ကတော့ လူနေကျေးရွာတွေဘက်ကိုပါ ကြည်၊ ရေ၊ လေသုံးခုစလုံးကနေ လေကြောင်းကဗုံးကြဲတာ၊ လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာပါ။
အဲဒီအခြေအနေကြောင့် မြိတ်ခရိုင် တပ်ရင်း ၁ က မြိတ်-ပုလောလမ်းမကြီးကိုမနေ့ကစလို့ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း စာထုတ်ပြန်ထားပါတယ်။
ကားလမ်းပိတ်ထားတာကြောင့် အတက်အဆင်းခရီးသည်အများအပြားဟာ လမ်းတစ်လျှောက်က ကျေးရွာတွေမှာတည်းခိုနေကြပြီး တချို့ကတော့ရေလမ်းကနေ သွားလာနေကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ပုလောမြို့နယ်ထဲက ပလမြို့၊ လက္ကူးကျေးရွာ၊ ဇရပ်ဆိပ်ကျေးရွာအုပ်စုတွေကို စစ်ကောင်စီတပ်ကလေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာာတွေကြောင့် ဒေသခံ ၁၀ ဦးနီးပါးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ဒီနေ့မနက် ၉ နာရီလောက်မှာလည်း ပလမြို့ပေါ်မှာ လက်နက်ကြီးကြောင့် သံဃာတော်တစ်ပါးပျံလွန်တော်မူပြီး၊ နောက်ထပ်သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၁ ဆီက သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း ၁ ကတော့ စစ်ရေးအခြေအနေ ဒီထက်ပြင်းထန်လာနိုင်တာကြောင့် ဗုံးခိုကျင်းတွေတူးထားကြဖို့နဲ့ တိုက်ပွဲဧရိယာအတွင်းက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို အမြန်ဆုံးထွက်ခွာကြဖို့လည်း မြိတ်ခရိုင်တပ်ရင်း ၁ က တိုက်တွန်းထားပါတယ်။
The Tanintharyi Times
