အောက်လမ်းကလာတဲ့ မြန်မာ ၁၉ ယောက်နဲ့ ထိုင်းပွဲစားခြောက်ယောက် စံခလပူရီမှာ ဖမ်းခံရ
အောက်လမ်းကလာတဲ့ မြန်မာ ၁၉ ယောက်နဲ့ ထိုင်းပွဲစားခြောက်ယောက် စံခလပူရီမှာ ဖမ်းခံရ
မြန်မာနိုင်ငံကနေ တရားမဝင် ဝင်ရောက်လာတဲ့ အလုပ်ရှာဖွေသူ ၁၉ ဦးနဲ့ လူပွဲစားအဖြစ် ဆောင်ရွက်နေတဲ့ ထိုင်းအမျိုးသား ခြောက်ဦးကို စံခလပူရီခရိုင်က နေအိမ်တစ်လုံးမှာ စနေနေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲက ဆိုပါတယ်။
တရားမဝင် ဝင်ရောက်လာတဲ့ လူတစ်အုပ် စံခလပူရီခရိုင်ထဲက ကျေးရွာတစ်ရွာမှာ ရောက်ရှိနေပြီး ထိုင်းအတွင်းပိုင်းကို ခရီးဆက်ဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းရတဲ့အတွက် ထိုင်းလဝက၊ ရဲနဲ့ စစ်တပ် ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့တာဖြစ်ကြောင်း စံခလပူရီ ရဲဌာန အကြီးအကဲက ရှင်းပြပါတယ်။
အဲဒီနေအိမ်မှာ မြန်မာအမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၇ ဦးနဲ့ ထိုင်းအမျိုးသား တစ်ယောက် သူ့ရဲ့ လက်ထောက် ငါးယောက် စုစုပေါင်း တရားမဝင် ဝင်လာသူ ၁၉ ဦးနဲ့ ပွဲစား ခြောက်ယောက်တို့ကို ထိုင်းရဲက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ထိုင်းဘတ်ငွေ ငါးသောင်းကျော်၊ မော်တော်ဆိုင်ကယ်တစ်စီးနဲ့ မိုဘိုင်းလ်ဖုန်း ငါးလုံးကိုလည်း အဲဒီနေအိမ်ကနေ သိမ်းဆည်းခဲ့တယ်လို့ ထိုင်းရဲက ပြောပါတယ်။
စစ်ဆေးမေးမြန်းတဲ့အခါမှာတော့ မစ္စတာ ဖွေလို့ ခေါ်တဲ့ ထိုင်းလူမျိုးက သူဟာ ပွဲစားတစ်ဦးဖြစ်ကြောင်း ဝန်ခံခဲ့ပြီး မြန်မာနိုင်ငံက တရားမဝင် လာရောက်သူတွေကို မြန်မာဘက်ခြမ်း ဘုရားသုံးဆူကတစ်ဆင့် ထိုင်း စံခလပူရီဘက်ကို သယ်ဆောင်ပေးကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။
အဲဒီလို သယ်ဆောင်တဲ့နေရာမှာ မော်တော်ဆိုင်ကယ်၊ စက်လှေတွေ အဆင့်ဆင့်သုံးပြီး မြန်မာတစ်ဦးကို ပွဲစားခ အဖြစ် ဘတ်ငွေ ၃၂၀၀၀ ကောက်ခံကာ ထိုင်းနိုင်ငံအတွင်း ခေါ်ယူပေးတာဖြစ်ကြောင်း သူက ရှင်းပြပါတယ်။
တရားမဝင် ဝင်လာတဲ့ မြန်မာ ၁၉ ဦး ပြောတာက သူတို့ဟာ မြန်မာနိုင်ငံရဲ့ နေရာစုံကနေ ထိုင်းနိုင်ငံမှာ အလုပ် လုပ်ကိုင်ခွင့်ရဖို့ လာခဲ့ကြတာဖြစ်ပြီး မြန်မာနိုင်ငံတွင်းက မတည်ငြိမ်မှုတွေနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် အခုလို စွန့်စားပြီး ထိုင်းကို တရားမဝင် လာရောက်ကြတာဖြစ်ကြောင်း ပြောဆိုကြပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာ ၁၉ ဦးကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးတာတွေ လုပ်ခဲ့ပြီး ပုံမှန် အခြေအနေရှိကြောင်း တွေ့ရတဲ့အတွက် သူတို့ကို ဖမ်းခံထားရတဲ့ ပွဲစားတွေနဲ့အတူ ဥပဒေကြောင်းအရ အရေးယူဖို့ စံခလပူရီရဲဌာနကို လွှဲအပ်ခဲ့တယ်လို့ ထိုင်းဘက်က ဆိုပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့မှာ ထိုင်းအစိုးရ ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေး အဖွဲ့ဟာ စံခလပူရီနဲ့ ထောင်ဖာဖွန် နယ်မြေအတွင်းက ငါးနေရာမှာ တရားမဝင် ဝင်လာတဲ့ မြန်မာ ၃၇ ဦးနဲ့ လမ်းပြငါးဦးတို့ကို ဖမ်းဆီးခဲ့သေးကြောင်း သိရပါတယ်။
ကိုးကား – ဘန်ကောက်ပိုစ့်
The Tanintharyi Times
