လောင်းလုံးမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦးသေဆုံး
လောင်းလုံးမှာ စစ်ကောင်စီရဲ့လက်နက်ကြီးကြောင့် အဖွားအိုတစ်ဦးသေဆုံး
လောင်းလုံးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လိုက်လို့ အဖွားအိုတစ်ဦးသေဆုံးသွားတယ်လို့ မြို့ခံတွေကပြောပါတယ်။
မြို့ပေါ်က စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ)ရုံးမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ မနေ့ကမွန်းလွဲ ၃ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ လူနေအိမ်တွေဘက်ကို လက်နက်ကြီး ၅ ချက်ခန့်ပစ်ခတ်ခဲ့တာပါ။
အဲဒီထဲက လက်နက်ကြီးကျည်တစ်လုံးဟာ (က) ရပ်ကွက်၊ ထိန်သစ်လမ်းက နေအိမ်ခြံဝင်းတခုထဲကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၇၅ နှစ် အရွယ် ဒေါ်ခင်အေးကိုထိမှန်ခဲ့တာပါ။
“သူကအိမ်ခြံဝင်းထဲရှိနေတဲ့အချိန် ဗုံးသီးလာကျတာ။ ခေါင်းကိုထိတော့ ပွဲချင်းပြီးပဲဆုံးသွားတယ်။ ဒဏ်ရာကြီးကလည်း အကြီးကြီးပဲ” လို့လောင်းလုံးမြို့ခံတစ်ဦးက ပြောပါတယ်။
လက်နက်ကြီးကျည်ပေါက်ကွဲတဲ့နေရာ အနီးအနားမှာရှိနေတဲ့ နောက်ထပ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦးလည်း လက်နက်ကြီးကျည်စ စင်ပြီး ဒဏ်ရာတွေရရှိခဲ့တယ်လို့ မြို့ခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
စရဖရုံးက လက်နက်ကြီးနဲ့ပစ်ခတ်နေချိန် လောင်းလုံးမြို့မရဲစခန်းကလည်း လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်နေတယ်လို့ မြို့ခံတွေကဆိုပါတယ်။
လောင်းလုံး(ပကဖ)ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုရှဲဒိုးကတော့ မနေ့က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီဘက်က တဖက်သက်ပစ်ခတ်ခဲ့တာဖြစ်တယ်တယ်လို့ ပြောပါတယ်။
မနေ့မွန်းလွဲပိုင်းကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ လောင်းလုံးမြို့တဝိုက်ကလယ်ကွင်းတွေထဲကိုလည်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လောင်းလုံးမြို့နယ်မှာ အခုလ ၂၃ရက်နဲ့ ၂၄ ရက်နေ့တွေက ထားဝယ်မြစ်ထဲက စစ်ကောင်စီစက်လှေတစ်စီးနဲ့ လောင်းလုံးရဲစခန်းရှေ့မှာစစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက်ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အခုတစ်ပတ်အတွင်း ရေဖြူမြို့နယ်က ဒိုက်တကော်ရွာတဝိုက်ကိုလည်း တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ မောရဝတီရေတပ်စခန်းရဲ့စစ်သင်္ဘောတစ်စီးက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဥယျာဥ်ခြံလုပ်ငန်းတွေရပ်နားထားရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
လောင်းလုံးမြို့နယ်မှာ အခုလ ၁၉ ကျောက်နီမော်ကျေးရွာက စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီရေတပ်သင်္ဘောတစ်စီးက ကျောက်နီမော်ရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
တနင်္သာရီတိုင်းမ်က စုစည်းထားတဲ့အချက်အလက်တွေအရ အခုနှစ်ပထမသုံးလအတွင်း တနင်္သာရီတိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတဲ့ အရပ်သား ၃၇ ဦးကျော် ရှိခဲ့ပြီး သေဆုံးသူ ၅ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။
The Tanintharyi Times
