မြိတ်မြို့မှာ ဖုန်းဆိုင်တွေရောင်းအားကျလာပြီး ပိတ်လိုက်ရတဲ့ ဆိုင်တချို့ရှိလာ

မြိတ်မြို့မှာ ဖုန်းဆိုင်တွေရောင်းအားကျလာပြီး ပိတ်လိုက်ရတဲ့ ဆိုင်တချို့ရှိလာ

စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီးနောက်ပိုင်း မြိတ်က ဖုန်းဆိုင်တွေ ရောင်းအားထက်ဝက်နီးပါးကျနေပြီး ပိတ်သိမ်းလိုက်ရတဲ့ ဖုန်းအရောင်းဆိုင်ငယ်တချို့လည်း ရှိလာနေတယ်လို့ ဖုန်းအရောင်းဆိုင်တွေကနေ သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်အသက်သွင်းလိုက်တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နောက်ပိုင်းမှာ လူငယ်အများအပြားပြည်ပကိုပြောင်းရွှေ့တာနဲ့အတူ ဖုန်းဆိုင်တွေမှာ တဖြေးဖြေး ရောင်းအားကျဆင်းလာတယ်လို့ မြိတ်မြို့က ဖုန်းဆိုင်ပိုင်ရှင်အချို့က ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်းဥပဒေ မထုတ်ပြန်ခင်က ပုံမှန်ဆို တစ်လကို ပျှမ်းမျှရောင်းအား အလုံး ၆၀ လောက်ရှိပေမဲ့ ပြီးခဲ့တဲ့လက ဖုန်းအလုံးရေ ၃၀ လောက်ပဲ ရောင်းအားရှိခဲ့တယ်လို့ အခုလထဲမှာ ဆိုင်ပိတ်လိုက်ပြီဖြစ်တဲ့ မြိတ်မြို့က အသေးစားဖုန်းဆိုင်တစ်ဆိုင်ရဲ့ ပိုင်ရှင်က ပြောပါတယ်။

“ရောင်းအားများတဲ့ ဆိုင်ကြီးတွေက သိပ်မသိသာဘူးဗျ။ ကျနော်တို့လို အသေးစားဆိုင်လေးတွေကြတော့ ဆက်လက်ရပ်တည်ဖို့အတွက်ကို တောင့်ခံဖို့မလွယ်ပါဘူး” လို့ ပိတ်လိုက်ရတဲ့ဖုန်းဆိုင်ပိုင်ရှင် ဆိုပါတယ်။

ဖုန်းဆိုင်နားလိုက်ရတဲ့ အကြောင်းအရင်းထဲမှာ ရောင်းအားကျလာတာအပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းမှာ နေထိုင်ဖို့ ခက်ခဲသွားတာကြောင့်လည်း ပါဝင်တယ်လို့ သူက ပြောပါတယ်။

မြိတ်မြို့ပေါ်မှာ ဖုန်းအရောင်းဆိုင် ငါးဆယ်ဝန်းကျင်ရှိတဲ့အနက် ပိတ်လိုက်ရတဲ့ ဆိုင်က ၃ ဆိုင်ထက်မနည်းရှိနေပြီဖြစ်တယ်လို့ ဖုန်းအရောင်းပိုင်ရှင်တချို့ဆီက သိရပါတယ်။

ဆိုင်ပိုင်ရှင်အမျိုးသားရဲ့ ပြောပြချက်အရ သူ့အသိထဲမှာ သူအပါအဝင် ဖုန်းဆိုင်နားလိုက်ရတာဟာ အခုလထဲမှာ သုံးဆိုင်လောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

မြိတ်က အလတ်စားဖုန်းဆိုင်တစ်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ကတော့ ပုံမှန်အားဖြင့် တစ်လကို ရောင်းအား ဖုန်းအလုံးရေ ၁၅၀ ဝန်းကျင်ရောင်းရပေမယ့် အရင်လက ဖုန်း ၁၃၀ လုံးရှိခဲ့ပြီး အခုလမှာတော့ အလုံးရေ ၁၀၀ ဝန်းကျင်ပဲ ရောင်းရတော့တယ်လို့ ဆိုပါတယ်။

“လူငယ်တော်တော်များများ ထိုင်းဘက်ကိုထွက်နေတာနဲ့လည်း ဆိုင်မယ်။ လာဝယ်သမားအများစုက လူငယ်တွေကိုး။ ခုက ထိုင်းမသွားခင် ဖုန်းလာလဲကြတာလည်းရှိသေးတော့ အရမ်းကြီး မကျသေးပေမဲ့ နောက်လဆို ဒီ့ထက်ပိုကျမှာပါ” လို့ အလတ်စားဖုန်းဆိုင်ပိုင်ရှင်ကခန့်မှန်းပါတယ်။

အလားတူ မြိတ်က ဖုန်းဟောင်းရောင်းဝယ်ဆိုင်တစ်ဆိုင်မှာလည်း အရင်လတွေက ပျှမ်းမျှရောင်းအား အလုံး ၅၀ ဝန်းကျင်မှာ ရှိပေမဲ့ အခုလမှာတော့ ရောင်းအား ဖုန်းအလုံး ၂၀ တောင် မပြည့်ဘူးလို့ ဆိုင်ပိုင်ရှင်ဆီက သိရပါတယ်။

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးကတည်းက တနင်္သာရီတိုင်းရဲ့ နေရာအနှံ့အပြားက လူငယ်တွေဟာ မိမိတို့ရဲ့ ဖုန်း၊ ဆိုင်ကယ် စတဲ့ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး နယ်နမိတ်ထိစပ်ရာ ထိုင်းနိုင်ငံကို အလုံးအရင်းနဲ့ ထွက်ခွာနေကြတာဖြစ်ပါတယ်။

လူငယ်တွေပြည်ပကိုထွက်ခွာနေလို့ ရောင်းအားကျတာတွေအပြင် လုပ်ငန်းခွင်တွေ၊ ဆိုင်တွေမှာ အလုပ်သမားတွေလည်းနည်းပါးလာတယ်လို့ မြို့ခံတွေကတွေက ဆိုပါတယ်။

တနင်္သာရီတိုင်းမှာ အခုလ ဒုတိယအပါတ်ကစပြီး စစ်မှုထမ်းလူဦးရေစာရင်းအတွက် အိမ်ထောင်စုကောက်ယူတာ၊ စစ်မှုထမ်းဖို့အတွက် မဲနှိုက်ခိုင်းတာတွေလုပ်ဆောင်နေပြီဖြစ်ပါတယ်။

The Tanintharyi Times