လေတွေ တိုက်နေတယ်

လေတွေ တိုက်နေတယ်

တောင်ကုန်းပေါ်မှာ လေတွေတိုက်နေတယ်။ ငါတို့က အဲ့ဒီတောင်ကုန်းထိပ်ကို လှမ်းကြည့်၊ အသက်ကို ပြင်းပြင်းရှူလို့။ ခါးတွေ ကုန်းတဲ့လူကကုန်း၊ အကြောတွေ ဆန့်တဲ့လူက ဆန့်လို့။ မောဟိုက်နေကြတယ်။ တချို့က ပါလာတဲ့ရေဗူးတွေ ထုတ်သောက်သူသောက်ပေါ့။

တောင်ကုန်းထိပ်မှာ လေတွေတိုက်နေတယ်။ အဲ့ဒါကို မြင်တာနဲ့တောင် ခံစားလို့ရတယ်။ သစ်ပင်တွေ ယိမ်းထိုးနေတာဟာ ပျော်မြူးကခုန်နေကြသလိုပဲ။ ဆေးသားမှိန်မှိန်နဲ့ ဓာတ်ပုံအဟောင်းတွေကို ကြည့်ရသလို၊ ရှေးဟောင်းဖြူမဲရုပ်ရှင်တွေထဲကလို ငှက်တွေပျံသန်းနေကြတယ်။ ပန်းရောင်စုံပွင့်နေတာကိုလည်း ငါတို့ခံစားလို့ရကြတယ်။

ငါတို့အဖွဲ့မှာ မိန်းခလေးက ၅ယောက် ယောက်ျားလေးက ၁၉ယောက် စုစုပေါင်း၂၄ယောက်ပါတယ်။ မိန်းခလေးတွေက ကျောပိုးအိတ်တွေထဲက မိတ်ကပ်ဗူးတွေဖွင့်သူဖွင့်၊ မှန်ကြည့်သူကြည့်၊ ခေါင်းဖြီးသူဖြီးလုပ်နေတယ်။ ဒီတော့ ယောက်ျားလေးတစ်ယောက်က ထပြောတယ်။ `မိန်းခလေးတွေများ ဒီအချိန်တောင် လှချင်ပချင်ကြသေးတာကိုး´တဲ့။ မိန်းခလေးတွေအားလုံး သူ့ကိုမျက်စောင်းဝိုင်းထိုးကြတော့ အဲ့ဒီကောင်ပါးစပ်တန်းပိတ်သွားပြီး ဘာသံမှမထွက်ရဲတော့ဘူးလေ။ ငါကတော့ ပြုံးပြီးကြည့်နေလိုက်တာပဲ။

ဒီလို​မြင်ကွင်းမျိုးဟာ ငါ့အတိတ်နေ့ရက်တွေဆီမှာ ရှိခဲ့ဖူးပါလားလို့ ငါ့စိတ်ဟာလွင့်မျောသွားမိတယ်။ လွန်ခဲ့တဲ့၅နှစ်။ ပညာသင်နှစ်ရဲ့ တက္ကသိုလ်အစောပိုင်းကာလမှာ ငါတို့မေဂျာက လေထန်ကုန်းဆိုတဲ့ ချင်းတောင်ကို အ​ပျော်ခရီးထွက်ကြတယ်။ အခြေအနေတွေနဲ့ အချိန်အခါတွေဟာ ပြောင်းလဲကုန်ကြပေမဲ့ တောင်ကုန်းထိပ်မှာ လေတွေတိုက်နေကြပုံချင်းဟာ အတူတူပဲ။

အဲ့ဒီတုန်းက ငါတို့ယောက်ျားလေးတွေက အရက်ပုလင်းတွေကို ဆရာတွေမသိအောင် ကြိုတင်ပြင်ဆင်ပြီး ဝယ်ယူလာခဲ့ကြတယ်။ ကိုယ့်အစုသူ့အစုနဲ့ တောင်ကုန်းပေါ်မှာဝိုင်းဖွဲ့သောက်ကြစားကြ၊ ဂိမ်းတွေပျော်ရွှင်စွာကစားကြ။ တချို့ကဂစ်တာတွေတီး၊ သီချင်းတွေအော်ဆိုကြတယ်။ မိန်းခလေးတွေက အလှဓာတ်ပုံတွေ တဖြတ်ဖြတ်ရိုက်ကြ၊ မိတ်ကပ်ဗူးတွေဖွင့် တစ်ယောက်ကိုတစ်ယောက် ပြင်ဆင်ပေးကြ၊ မုန့်တွေစားကြနဲ့ တကယ့်ကိုလွတ်လပ်ပျော်ရွှင်မှုအတိပဲ။ အဲ့ဒီအချိန်မှာပဲ ငါတို့ဆရာဟာ ငါတို့ကိုစကားထပြောတယ်။

`ငါ့တပည့်တို့၊ လူဟာ လူ့အဖွဲ့အစည်းတစ်ခု၊ ပတ်ဝန်းကျင်တစ်ခုဆီကို မွေးဖွားရောက်ရှိလာကတည်းက ပျောက်ဆုံးသွားနှင့်ပြီးသားပဲ။ အဲ့ဒီလူ့အဖွဲ့အစည်းထဲ ပတ်ဝန်းကျင်တစ်ခုတည်းမှာ ငါ့တပည့်တို့ဟာ ကိုယ့်ကိုယ်ကိုယ်နစ်မြုပ်သွားဖို့မဟုတ်ဘူး။ အဲ့ဒီလူ့အဖွဲ့အစည်း၊ ပတ်ဝန်းကျင်ကို အကျိုးပြုရင်း ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေတွေ့ရှိဖို့ပဲ။ ဆုံးရှုံးသွားတဲ့ သက္ကရာဇ်တွေ၊ လူငယ်ဘဝတွေဟာ ပြန်လည်မရနိုင်ဘူး။ ဒီတော့ပျော်ကြပါ၊ လူငယ်ဘဝရဲ့ လွတ်လပ်မှုတွေကို အပြည့်အဝအသုံးချကြပါ´တဲ့။

`ဝေး´ဆိုပြီး ငါတို့တွေ အော်ကြတယ်။ လက်ခေါက်တွေမှုတ်ကြတယ်။ လက်ခုပ်တွေတီးခဲ့ကြတယ်။ ငါတို့ဟာ ဘယ်အရာကိုမှ လေးလေးနက်နက်မရှိခဲ့ကြသလိုပဲ။ အားလုံးဟာ ပေါ့ပါးနေတယ်။ လွင့်မျောနေမိကြတယ်။ ဘဝကို ဘယ်လိုလူတစ်ယောက်အနေနဲ့ ငါ့တပည့်တို့ဖြတ်သန်းချင်လဲဆိုတဲ့ ဆရာ့အ​မေးတွေဟာ လေနဲ့အတူ လွင့်ပါသွားကြတော့တယ်။

‘ကဲရဲဘော်တို့ တက်မယ်´ဆိုတဲ့ တပ်ခွဲမှူးအသံကြားမှ တဒင်္ဂလွင့်မျောသွားတဲ့ငါ့စိတ်ဟာ ငါ့ရှိရင်းစွဲအခြေအနေဆီ ပြန်ရောက်လာတယ်။ ဒီတော့လည်း ငါတို့အားလုံးကိုယ့်ပစ္စည်းကိုယ်ပြန်ကောက်ကြ၊ ကျောပိုးအိတ်တွေလွယ်ကြ။ တချို့က ဖြည်ထားတဲ့ပွိုင့်ဖိနပ်ကြိုးတွေကိုပြန်ချည်ကြတယ်။ ငါတို့ရဲ့ ခြေထောက်ကိုယ်စီဟာ ပေါက်ပြဲနေကြပြီဆိုတာ တစ်ယောက်ကိုတစ်ယောက်မပြောဘဲ ငါတို့သိကြတယ်။

ကျောက်သားအတိနဲ့ တောင်တက်လမ်းကြောင်းကျဥ်းကျဥ်းလေးပေါ်မှာ အောက်ကိုငုံ့ကြည့်တော့ နက်ရှိုင်းလွန်းတဲ့ ချောက်ကြီးတွေ။ ဒါပေမဲ့ ငါတို့က တောင်ကုန်းထိပ်ကိုပဲမော့ကြည့်ကြတယ်။ တောင်ကုန်းထိပ်မှာ လေတွေတိုက်နေတယ်။ အဲ့ဒီကိုရောက်တဲ့အခါ ငါတို့အေးမြလတ်ဆတ်တဲ့ လေကိုတဝကြီးရှူပစ်မယ်လို့ တွေးနေကြတယ်။

တရွေ့ရွေ့နဲ့ တက်ရတယ်။ ခြေလှမ်းတွေကို ဂရုတစိုက်လှမ်းရင်း၊ တစ်ယောက်ကိုတစ်ယောက် တွဲကူရင်း ငါတို့တက်လာကြတယ်။ နာကျင်မှုနဲ့အတူ စုပ်သပ်သူက သပ်လို့။ တစ်ယောက်ကိုတစ်ယောက် အားပေးစကားပြောရင်း ငါတို့တက်လာ​ကြတယ်။ တောက်ကုန်းထိပ်ကို ရောက်တော့မယ်။တောင်ကုန်းထိပ်မှာ လေတွေတိုက်နေတယ်။

တောင်ကုန်းထိပ်မှာ ငါတို့သေနတ်တွေကို ပစ်ချလိုက်ကြတယ်။ ပြီးတော့ လက်တွေကိုဆန့်တန်းပြီး လတ်ဆတ်တဲ့ လေကိုတဝကြီး ရှူပစ်လိုက်တယ်။ တစ်ယောက်ပြီးတစ်ယောက် လေနဲ့အတူ လွင့်မျောသွားကြ။ အဲ့ဒါကို ငါကငေးကြည့်နေမိတယ်။ နောက်တော့ ငါ့မျက်လုံးတွေကို မှိတ်ချလိုက်တယ်။ ငါ့ခန္ဓာကိုယ်ဟာ တစတစ ကြွတက်လာတယ်။ လေနဲ့အတူ ငါဟာလွင့်မျောသွား၊ တကယ့်ကို လွတ်လပ်ပေါ့ပါးမှုအတိနဲ့လေ။

ဂါစီယာနီ

The Tanintharyi Times