အလုပ်လက်မဲ့ မဲဆောက်
အလုပ်လက်မဲ့ မဲဆောက်
“ညီမရေ အလုပ်လေးတွေ့ရင် ပြောပါဦး၊ နေ့စားအလုပ်လေးပေါ့။ အစ်မမှာ သမီးနဲ့ သားရဲ့ ကျောင်းစရိတ်တွေ၊ ဖယ်ရီစရိတ်တွေနဲ့။ စားဖို့တောင် အနိုင်နိုင် ဖြစ်နေလို့။ ဒီကြားထဲ အခုနေနေတဲ့ safe house ကလည်း ဒီလ ၂၀ ရက်နေ့ဆို ဖယ်ပေးရမှာ” လို့ ပြောသူကတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ စီဒီအမ်လုပ်လာသူ ပညာရေးဝန်ထမ်း မခိုင်လဲ့ (အမည်လွဲ) ဖြစ်သည်။
မခိုင်လဲ့မှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းတာကို လုံးဝလက်မခံနိုင်တဲ့အဆုံး သားနဲ့သမီး လက်ကိုဆွဲကာ ဖြစ်ချင်ရာဖြစ် ယုံကြည်ရာလမ်းကို ရဲရဲတောက် လျှောက်လာတဲ့ Single Mom ပညာရေးဝန်ထမ်း။
မဲဆောက်ဘက်ကို ရောက်တာ တစ်နှစ်လောက်ရှိပြီဆိုပေမယ့် အလုပ်က အခုထိ မယ်မယ်ရရမရှိ။ အဝေးရောက် ဧရာဝတီအဖွဲ့အစည်းရဲ့ ကူညီမှုနဲ့ safe house နေခဲ့တာ ဒါနဲ့ဆို ၂ ကြိမ်ရှိပြီ။ နောက်ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဦးစားပေးဖို့ ဒီတခါတော့ ဖယ်ပေးမှ ရတော့မည်။
ကလေးတွေကို migrant ကျောင်းမှာထားတော့ ကျောင်းလခ သိပ်မများပေမယ့် ကျောင်းဝင်ကြေး၊ လစဉ်ကျောင်းလခနဲ့ ဖယ်ရီစရိတ်၊ ထမင်းစရိတ်နဲ့ အထွေထွေ ဗာဟီရစရိတ်တွေ ပေါင်းလိုက်သည့်အခါ တစ်လတစ်လ ကုန်ကျစရိတ်ကမနည်း။ အခု အိမ်ပါပြောင်းရတော့မည်ဆိုတော့ စကားပြောနေရင်း မခိုင်လဲ့ မျက်နှာကို လွှဲလိုက်ပြီး အဝေးကို တချက် ငေးလိုက်သည်။
မေးရိုးများကို တင်းတင်းစေ့ထားသည်။ လွယ်လွယ်နဲ့ အလျော့မပေးဘူးဆိုတာ သူ့ဆီမှာ အထင်းသား မြင်နေရသည်။
“အခုလောလောဆယ် စပါးရိတ်လိုက်နေတယ်၊ တရက်ကို ၂၀၀ ရတယ်၊ အလုပ်က ပုံမှန် မရှိဘူး” လို့ သူမက ဆက်ပြောသည်။
နေ့တိုင်း ပုံမှန်အလုပ်မရှိနေပေမယ့် မခိုင်လဲ့မှာ ရွေးချယ်စရာက မရှိ။ လခစား အလုပ်ဝင်လုပ်ဖို့ကလည်း နေ့စဉ်စားစရိတ်အတွက် လခမရခင်စပ်ကြား ဖြတ်သန်းဖို့က မလွယ်။ မဲဆောက်မှာ မခိုင်လဲ့တို့လို လစဉ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာတွေ ဘယ်လောက်များနေမလဲဆိုတာ တွေးကြည့်စရာပင် မလို။
လမ်းဘေးစျေးရောင်းအကူ ကြည့်မလား မြန်မာတွေ။ စျေးမှာ ပုစွန်ခေါင်းခြွေတာ ကြည့်မလား မြန်မာတွေ။ ညနက်သန်းခေါင် ပွဲရုံတွေမှာ ငရုပ်သီး ခြွေတာ။ ဂေါ်ဖီခုတ်တာ ကြည့်မလား မြန်မာတွေ၊ ပန်းရန်အလုပ်ကြမ်း အထမ်းသမားကြည့်မလား မြန်မာတွေ။ သစ်ပင်ခုတ် မြောင်းဖော် ကြည့်မလား မြန်မာတွေ။ နောက်ဆုံး မဲညစ်စုတ်ပြတ်နေတဲ့ အိတ်ကို ပုခုံးပေါ်တင် မဲဆောက်မှာ လမ်းတကာလှည့် အမှိုက်ကောက်နေကြသူတွေကို ကြည့်မလား မြန်မာတွေ။
မဲဆောက်မှာ ပြည်ပြေးအခြေခံမြန်မာလူတန်းစားတွေအဖို့ တော်ရုံတန်ရုံ လူမွေးလူတောင် ပြောင်ဖို့မလွယ်။ နဂိုက ငွေရေးကြေးရေး အခြေနည်းနည်းခိုင်သူပင် မဲဆောက်မှာ နှစ်ကြာတာနဲ့အမျှ အလုပ်မလုပ်ဘဲ ရပ်တည်နိုင်ဖို့က မလွယ်။
အိမ်လခ၊ ရေဖိုး မီးဖိုး၊ ရဲကတ်ကြေးနဲ့ နေထိုင်စားသောက်စရိတ်က အပိုသိပ်မသုံးရင်တောင် တစ်ယောက်တည်းသမားအတွက်ဆို ဘတ် ၅ထောင်ကျော် ၆ထောင် နီးပါးကုန်ကျသည်။ မိသားစုရှိသူ ကလေးရှိသူဆို အတော်လေး ရုန်းကန်ရသည်။ ဒီကြားထဲ ကလေးပညာရေး ကျန်းမာရေးတွေ မပါ။
မဲဆောက်မှာ အခြေခံအလုပ်သမားတယောက်အဖို့ နေ့စားဆို တစ်ရက် ဘတ်၂၀၀ ရသည်။ အလုပ် ပုံမှန်မရှိ။ လခစားဆို ဘတ် ၄၅၀၀ က စရသည်။
မဲဆောက်မှာ မြန်မာတွေ ကိုယ်ပိုင်လုပ်ငန်း လုပ်ဖို့မလွယ်။ မြန်မာတွေကို လုပ်ငန်းရှင်ဖြစ်ဖို့ အခွင့်အရေးမပေး။ အလုပ်သမားအဖြစ်၊ သူတို့မလုပ်ချင်သည့် အောက်ခြေသိမ်းအလုပ်တွေလုပ်ဖို့သာ ခိုင်းစေချင်ကြသည်။
အကယ်၍ ကိုယ်ပိုင်ဆိုင်တစ်ဆိုင်သာ ဖွင့်ကြည့်။ လုပ်လိုက်ရတဲ့ အထောက်အထားတွေ၊ ပေးလိုက်ရတဲ့ လိုင်းကြေးတွေက စုံလို့။ အဲဒီတော့ ပြန်ရတဲ့ အမြတ်နဲ့က မကာမိ။
ဒါ့အပြင် ကိုယ်ရောင်းတာကို မနာလိုလို့ သူတို့လူမျိုးတွေက ရဲတိုင်လိုက်ရင်လည်း ရှင်းလိုက်ရတဲ့ ပြဿနာတွေ။ ကုန်လိုက်တဲ့ ပိုက်ဆံတွေ။ ထပ်ရှိသေးတာက အနေကြာတဲ့ ကိုယ့်လူမျိုးအချင်းချင်းကလည်း တချို့က ကူညီကြပေမယ့် တချို့ကတော့ သူတို့ဆိုင်မှာသာ အလုပ်ဝင်ကြည့် လူမျိုးခြားထက်ဆိုးတဲ့ ဆက်ဆံရေးမျိုးနဲ့ ခိုင်းတာတွေကလည်း ရှိသေး။
မဲဆောက်မှာ အမျိုးသမီးတွေအတွက် အပေါဆုံးအလုပ်က စက်မချုပ်တတ်ရင် အိမ်အကူအလုပ်ပဲ။ အမျိူးသား တွေအတွက်ကတော့ ပန်းရန်အလုပ်ကြမ်း။ မဲဆောက်က ရောက်လာသူ မြန်မာတွေအပေါ် ဘယ်တော့မှ အလျှော့ မပေး။ တရားဝင်သတ်မှတ် လုပ်ခလစာ တစ်ရက် ဘတ် ၃၃၀ ကို ရွှေ့ပြောင်းမြန်မာ တရားမဝင်တဲ့သူတွေ ဘယ် တော့ မှ မရ။
ကျောက်စီသူ မနက် ၇ နာရီကနေ ညနေ ၅ နာရီ တစ်ရက် ဘတ်၁၃၀၊ လုပ်ချင်လုပ် မလုပ်ချင်နေ။ ငရုပ်သီးခြွေ၊ ဂေါ်ဖီခုတ် တစ်ည ဘတ် ၄၀ ကနေ ၁၂၀ လုပ်ချင်လုပ် မလုပ်ချင်နေ။ ကြံခုတ်၊ စပါးစိုက် တရက် ဘတ်၂၀၀ ကြိုက်ရင်လုပ် မကြိုက်ရင် မလုပ်နဲ့။ မဲဆောက်မှာ အပိုတွေ သိပ်မပြော။ လုပ်ရင်လုပ် မလုပ်ရင် နောက်တစ် ယောက် လာမှာပဲ။
လုပ်သက်ကြာလို့လည်း လုပ်ခ တိုးမတောင်းရဲ။ မင်းမှာ အထောက်အထား ရှိလို့လား မေးခွန်းအောက်မှာ ပွဲက ပြီးပြီ။ ဒီကြားထဲ ဘာသာစကားက မတတ်။
ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ဆန်းပိုင်းကလည်း CDM လုပ်လာတဲ့ လင်မယားနှစ်ယောက် ရောက်ရောက်ချင်း အထည်ချုပ် စက်ရုံမှာ အလုပ်ဝင်သည်။ အလုပ်ချိန်က ည ၇ နာရီကနေ ည ၁၁ နာရီထိ အချိန်ပိုပါ ရက်ဆက်ဆင်းရသည်။
တစ်လပဲ လုပ်ပြီး မလုပ်နိုင်တော့ အလုပ်ထွက်လိုက်သည်။ အလုပ်ထွက်လိုက်ပေမယ့် လစာက တော်တော်နဲ့မရ။ ဟိုရက်ပေးမယ်၊ ဒီရက်ပေးမယ်နဲ့ တစ်ပတ်ခြား တစ်ခါချိန်းတိုင်း တကူးတက သွားရ။ ဝေးတော့ တက္ကစီခပါ ချေးငှားသွားရ။ ဒီအတိုင်း တလကျော်သည်အထိ လခ မရ။
မဲဆောက်ကို အရင်ရောက်နေတဲ့ UG တယောက်က “ဒီလိုကိစ္စတွေက ဘယ်မှတိုင်လို့မရဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရတယ်။ သူ့အသိတစ်ယောက်က အဲဒီစက်ရုံမှာ သေနတ်တစ်ချက်သွားဖောက်လိုက်တာနဲ့ ဒီကိစ္စက ပြီးတယ်”ဟုပြောသည်။
နောက်တစ်လနေတော့ ဘယ်လိုလုပ်လိုက်သလဲတော့မသိ။ စက်ရုံမှာ ညအိပ်သွားစောင့်ပြီး နှစ်ယောက်ပေါင်းလစာ ဘတ် ၉၀၀၀ ရလာခဲ့သည်။
မဲဆောက်မှာ အလုပ်ကြမ်းသမားတွေ အထူးသဖြင့် ပန်းရန်သမားတွေ ပိုက်ဆံထုတ်ရက်ဆို လုပ်ခမရှင်းပေးတာမျိုး မကြာခဏ ကြုံရသည်။ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာဖြစ်ရင်လည်း ခွင့်တော့ပေးပေမယ့် ဆေးကုသစရိတ် မပေး။ ကိုယ်ဖြစ် ကိုယ်ခံပဲ။ ဘယ်မှလည်း တိုင်လို့ တောလို့ မရ။
တကယ်တော့ မဲဆောက်မှာ နဂိုက ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ လောက်သာ ရှိပေမယ့် မြန်မာပြည်မှာ အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးကြောင့် အကြောင်းအမျိုးမျိုးနဲ့ ရောက်လာသူတွေက အများကြီး။ ရောက်လာသူတွေထဲ အဆင်ပြေသူတွေ ရှိသလို အဆင်မပြေသူတွေကလည်း တပုံတပင်။
ကိုယ့်နိုင်ငံမှာ ဘာကြီးပဲဖြစ်ခဲ့ဖြစ်ခဲ့ အကုန်ထားခဲ့ရသည်။ အဆင်ပြေသလိုရပ်တည် ရုန်းကန်ရသည်။ တစ်နေ့ တစ်နေ့ လမ်းမပေါ် အလုပ်ရှာထွက်သည့် မြန်မာတွေ များလာသည်။
“အလုပ်လေး တစ်နေရာလောက် ရနိုင်မလားဗျာ။အလုပ်လေးတနေရာလောက် ရနိုင်မလားရှင်” မဲဆောက်က မြန်မာတွေကြားထဲ ညံနေသည်။
လူမှုကွန်ယက်ပေါ် အလုပ်ရှာပို့စ်တွေ ဆက်တိုက်တက်နေသည်။ မဲဆောက်မှာ အလုပ်ပေးနိုင်သည်က နည်းနည်း။ အလုပ်ရှာနေသူ အလုပ်လိုအပ်သူက များများ။ မြန်မာပြည်ပြေး သိန်းချီရှိနေတဲ့ မဲဆောက်မှာ အလုပ်လိုအပ်ချက်က ဝန်နဲ့အား မမျှသည့် လှည်းတစီးလို ဖြစ်နေသည်။

ကိုဗစ်တုန်းက ခြောက်ကပ်နေတဲ့ မဲဆောက်က မြန်မာဒုက္ခသည်တွေနဲ့ စည်ကားနေသည်။ မဲဆောက်မှာ ဒုက္ခရောက်နေတယ်လို့ မညည်းရဲ။ တောထဲတောင်ထဲ အသက်ပေးတိုက်နေရသူတွေကို အားနာသည်။ မင်းတို့က မဲဆောက်မှာ နေပြီး ညည်းပြနေတာလား၊ ဆဲမယ့်သူတွေကို အားနာသည်။
ဘာပဲဖြစ်ဖြစ် အချိန်တွေကြာလာတာနဲ့အမျှ ဒုက္ခအပေါ် ခံနိုင်ရည် ရှိလာကြသည်။ ပိုပြီး အကြောမာလာကြသည်။ ထို့ထက် တော်လှန်ရေးအတွက် ဆက်ပြီးလည်း တောင့်ခံ အကြောမာနေကြမည့်သူများသာ ဖြစ်သည်။
ဟုတ်ကဲ့.. အလုပ်လေး တစ်နေရာလောက် ရနိုင်မလားရှင်…။
ခေးလု
The Tanintharyi Times
