သရက်ချောင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတဲ့ အမျိုးသားတစ်ဦး ၉ ရက်ခန့်အကြာမှာ သေဆုံးပြီလို့ သတင်းထွက်
သရက်ချောင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတဲ့ အမျိုးသားတစ်ဦး ၉ ရက်ခန့်အကြာမှာ သေဆုံးပြီလို့ သတင်းထွက်
သရက်ချောင်းမြို့နယ်၊ လဘရွာမှာ လက်နက်ကိုင်လူတစ်စုဖမ်းဆီးသွားတဲ့ အမျိုးသားတစ်ဦးသေဆုံးသွားပြီလို့ ဒေသခံတွေက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အခုလ ၁၁ ရက်နေ့ညက အသက် ၄၀ ကျော်အရွယ်ဦးဖဘု ကို လက်နက်ကိုင်လူတစ်စုက နေအိမ်မှာ လာဖမ်းသွားတယ်လို့ သိရပါတယ်။
အဖမ်းခံရပြီး ၉ ရက်ခန့်အကြာ ၂၀ ရက်နေ့ ညမှာတော့ ဖမ်းသွားတဲ့လက်နက်ကိုင်လူတစ်စုက ဦးဖဘုသေဆုံးသွားပြီဆိုတဲ့အကြောင်း အိမ်မှာ လာပြောခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ထွက်ပြေးလို့ပစ်တာ ထိပြီးဆုံးသွားတယ်ဘာညာနဲ့။ အလောင်းပြန်မရဘူး။ ပြန်ယူလာဖို့ မလွယ်ဘူးလို့ပြောတယ်။” လို့ မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
မိသားစုဘက်ကနေ အလောင်းပြန်တောင်းမတောင်းကိုတော့ မသိရဘူးလို့ အဆိုပါအမျိုးသားက ဆက်ပြောပါတယ်။
ဦးဖဘုဟာ မူးယစ်ဆေးဝါးရောင်းဝယ်သူဖြစ်တဲ့အပြင် စစ်ကောင်စီသတင်းပေးလို့ နာမည်ထွက်နေတဲ့သူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးဖဘုကို ဘယ်အဖွဲ့က ဖမ်းဆီးခဲ့တာဆိုတာကို အဖွဲ့အစည်းတွေဘက်က ဒီကနေ့ထိ တစုံတရာထုတ်ပြန်ထားတာမျိုးမရှိပါဘူး။
တနင်္သာရီတိုင်းမ်အနေနဲ့ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံကို ဆက်သွယ်မေးမြန်းချိန်မှာ မြေပြင်ကိုစိစစ်ပြီး ပြန်ဖြေပေးမယ့်အကြောင်း ဖြေဆိုခဲ့ပါတယ်။
လဘရွာဟာ မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာရှိပြီး စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်ခံရလေ့ရှိတဲ့ ပိတိုင်ရွာနဲ့ကပ်ရက်ရွာဖြစ်ပါတယ်။
The Tanintharyi Times
