လောင်းလုံးမှာ ဒေသခံရွာသားနှစ်ဦးကိုပျူစောထီးနဲ့ ရဲတွေက သတ်ဖြတ်
လောင်းလုံးမှာ ဒေသခံရွာသားနှစ်ဦးကိုပျူစောထီးနဲ့ ရဲတွေက သတ်ဖြတ်
လောင်းလုံးမြို့နယ်အတွင်းက ကျေးရွာနှစ်ရွာမှာ ဒေသခံရွာသားနှစ်ဦးကို ပျူစောထီးအဖွဲ့ဝင်နဲ့ ရဲတွေက အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ လောင်းလုံးPDFကသတင်းထုတ်ပြန်ပါတယ်။
လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာက အသက် ၅၃နှစ်အရွယ် ဒေါ်ပွါကို မနေ့ညသန်းခေါင် ၁၂နာရီခွဲအချိန်မှာ ရဲနဲ့ပျူစောထီးတွေက PDFကိုထောက်ပံ့တယ်လို့ စွပ်စွဲပြီး ပစ်ခတ်သတ်ဖြတ်သွားခဲ့တယ်လို့သိရပါတယ်။
နောက်တစ်နာရီအကြာမှာ မောင်းမကန်ကျေးရွာရဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ အသက် ၅၃နှစ်အရွယ် ဦးဇော်ဝင်းရဲ့နေအိမ်ရှေ့ကို ရဲနဲ့ပျူစောထီးတွေရောက်လာပြီး ဦးဇော်ဝင်းကိုနေအိမ်အရှေ့ခေါ်ထုတ်ကာ သေနတ်နဲ့ ဦးခေါင်းကိုတစ်ချက် လက်ကိုတစ်ချက် ပစ်သတ်သွားတယ်လို့သိရပါတယ်။
“အိမ်မှာရှိတဲ့လူတွေအကုန်လုံးကိုမှောက်ချခိုင်းလိုက်ထားပြီး လိုတဲ့လူကိုခေါ်ထုတ်ပြီးပစ်သတ်သွားတာပါ။ ပစ်သတ်ခံရတဲ့နှစ်ယောက်စလုံးက သာမာန်အရပ်သားတွေပါပဲ။ ဒေါ်ပွါဆိုရင် အရင်က ဆန္ဒပြပွဲတွေမှာပါဖူးတာလောက်ပဲရှိတယ်။ ပုဂ္ဂိုလ်ရေးအရမကျေနပ်တာတွေကို ပျူစောထီးတွေကသတ်သတ်လုပ်သွားတာပါ ” လို့ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
သတ်ဖြတ်သူတွေထဲမှာ မောင်းမကန်ရဲစခန်းကရဲတစ်ဦးလည်း ပါဝင်လာတယ်လို့သိရပြီး ပျူစောထီးနဲ့ရဲတွေက သတ်ဖြတ်ပြီးချိန်မှာ ဒီလိုသတ်တာဟာ စွန်ရဲအဖွဲ့ကလုပ်ဆောင်တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
သတ်ဖြတ်သူတွေဟာ ဦးဇော်ဝင်းနေအိမ်ကနေ လက်စွပ် ၂ကွင်း ဖုန်း ၂လုံးနဲ့ ကားတစ်စီးကိုလည်း ယူဆောင်သွားတယ်လို့သိရပါတယ်။
ပျူစောထီး၊ ရဲနဲ့ စစ်ကောင်စီတပ်သားတွေဟာ လောင်းလုံးမြို့နယ်မှာ အကြမ်းဖက်သတ်ဖြတ်မှုတွေကိုမကြာခဏပြုလုပ်နေတာကြောင့် အထူးဂရုစိုက်နေထိုင်ကြဖို့ လောင်းလုံးမြို့နယ် သပိတ်ကော်မတီနဲ့ ဒေသခံPDFအဖွဲ့တွေက ထုတ်ပြန်တိုက်တွန်းထားပါတယ်။
လောင်းလုံးမြို့နယ်မှာ ဇွန်လအလယ်လောက်ကစပြီးဇူလိုင်လပထမပတ်အထိ သုံးပတ်အတွင်းမှာ စစ်ကောင်စီတပ်သားနဲ့ပျူစောထီးတွေရဲ့သတ်ဖြတ်မှုကြောင့် အမျိုးသမီး ၄ဦးနဲ့ အမျိုးသား ၃ဦး သေဆုံးခဲ့ပါတယ်။
The Tanintharyi Times
