ဒိုက်ဦးအကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော် ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရ
ဒိုက်ဦးအကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ၃၀ ကျော် ဆေးကုသခွင့်မရဘဲ တိုက်ပိတ်ခံထားရ
ကျိုက်မရော အကျဉ်းထောင်ကနေ ဒိုက်ဦးအကျဉ်းထောင်ကို ထောင်ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေထဲက နိုင်ငံရေးအကျဉ်းသူ ၃၀ ဦးတို့ကို ဆေးကုသခွင့် ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမပေးဘဲ ထောင်အာဏာပိုင်တွေက တိုက်ပိတ်ထားတာ ဒီနေ့ဆိုရင် ဆယ်ရက်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့က ဒိုက်ဦးအကျဉ်းထောင်ကို ရောက်သွားကြတဲ့ ကျိုက်မရောအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသူတွေဟာ ထောင်အာဏာပိုင်တွေ သိမ်းဆည်းသွားတဲ့ သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြန်ထုတ်ပေးဖို့ တောင်းဆိုရာမှာ အကျဉ်းထောင်ဝန်ထမ်းတွေက အော်ဟစ်ဆဲဆိုခဲ့သလို အမျိုးသမီးအဆောင်ဘက်ကို သေနတ်နဲ့ ပစ်ခတ်တာ၊ လေးဂွ အုတ်ခဲတွေ ကိုင်ဆောင်ပြီး အင်အားသုံး အကြမ်းဖက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ နိုင်/ကျဉ်းအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။
အဲဒီ နိုင်ငံရေးအကျဉ်းသူတွေကို အကြမ်းဖက်ဖြိုခွင်းရာမှာ နိုင်ငံရေးအကျဉ်းသူ ၅ ဦးနဲ့အထက် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
“ အပ်တစ်ချောင်းတောင် ကိုင်ပိုင်ခွင့်မရှိတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို အမျိုးသား ထောင်အာဏာပိုင်တွေက အင်အားအလုံးအရင်းနဲ့ လက်နက်ပေါင်းစုံနဲ့ ဝင်ရောက်တိုက်ခိုက်စီးနင်းပြီးတော့ ညှဉ်းပန်းနှိပ်စက်တာသည် လူ့အခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက်နေတာ ဖြစ်တယ်၊ ငါတို့လက်ခုပ်ထဲမှာရှိတယ်ဆိုတဲ့ အနေအထားရယ်၊ သူတို့ (ထောင်အာဏာပိုင်) ရဲ့ လုပ်ဆောင်မှုတွေကို ဘယ်သူမှ မသိပါဘူးဆိုတဲ့ အနေအထားတွေနဲ့ လုပ်ဆောင်တာပေါ့နော်” လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP တာဝန်ခံ မဇူးဇူးမေယွန်းက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ ဇွန် ၁၅ ရက်နေ့မှာပဲ ထိခိုက်ဒဏ်ရာရခဲ့တဲ့ နိုင်/ကျဉ်း ၃၀ ကျော်ကို တိုက်ပိတ်လိုက်ပြီး ဒီကနေ့ ၁၀ ရက်ကျော် ကြာတဲ့အထိ ဆေးဝါးကုသခွင့်၊ ကျန်းမာရေးစောင့်ရှောက်ခွင့် မရသေးဘူးလို့ သိရပါတယ်။
ဒိုက်ဦးထောင်ကို အပြောင်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသူတွေဆီမှာ မူးယစ်ဆေးနဲ့ ဖုန်း တွေ့ရှိတယ်ဆိုပြီး နိုင်ငံရေးအမှု မဟုတ်တဲ့ ရာဇဝတ်ပုဒ်မတွေနဲ့လည်း တရားစွဲဆိုထားတယ်လို့ WOPP တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
ဒိုက်ဦးအကျဉ်းထောင်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်/ရေးအကျဉ်း ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၈ ဖွဲ့က တိုက်ပိတ်ခံထားရသူတွေရဲ့ ထောင်ဝင်စာပါဆယ်တွေကို လက်ခံဖို့နဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့် ပြန်လည်ဆောင်ရွက်ဖို့၊ တိုက်ပိတ်ခံထားရသူတွေကို တိုက်ထဲက အမြန်ဆုံးထုတ်ပေးဖို့၊ ရိုက်နှက်ခံထားရသူတွေ ဆေးကုသခွင့်ပေးဖို့၊ မူးယစ်ဆေးမှု အပါအဝင် ပုဒ်မအမျိုးမျိုးနဲ့ စွပ်စွဲထားတဲ့ အမှုတွေကို ချင်းချက်ပိတ်သိမ်းဖို့၊ သိမ်းဆည်းထားတဲ့ နိုင်/ကျဉ်းတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပြန်ပေးဖို့ စတဲ့ အချက်တွေကို လိုက်နာဖို့ရာ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို သတိပေးစာ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအသင်း FPPS ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP ၊ ထောင်ဝင်စာပို့ကြမယ် ၊ နွေဦးတမန်နိုင်ကျဉ်းကူညီထောက်ပံ့ရေးအဖွဲ့၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး KPPA နဲ့ Eat My Heart (၈) ဖွဲ့တို့က အကျဉ်းဦးစီးဌာနကို သတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးဌာနအနေနဲ့ ဒီအချက်တွေကို လိုက်နာဆောင်ရွက်ခြင်းမရှိရင် သက်ဆိုင်ရာ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အားလုံးနဲ့ ချိတ်ဆက်ပြီး အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုထားပါတယ်။
The Tanintharyi Times
