မောင်းမကန်က ကင်းလှည့်ကား ပစ်ခတ်ခံရမှုမှာ ယာယီစခန်းမှူးနဲ့ ရဲတပ်ကြပ်ကြီးတို့ သေဆုံးခဲ့

မောင်းမကန်က ကင်းလှည့်ကား ပစ်ခတ်ခံရမှုမှာ ယာယီစခန်းမှူးနဲ့ ရဲတပ်ကြပ်ကြီးတို့ သေဆုံးခဲ့

ဓာတ်ပုံ - ပစ်ခတ်ခံရတဲ့ကား။

လောင်းလုံးမြို့နယ်၊ မောင်းမကန်နယ်မြေရဲစခန်းက ကင်းလှည့်ကား ပစ်ခတ်ခံရမှုမှာ သေဆုံးခဲ့သူတွေက ယာယီစခန်းမှူး ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးဖြစ်တယ်လို့ တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့တဲ့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိရပါတယ်။

ဇွန်လ ၂၃ ရက် မနက် ၁၁နာရီခွဲလောက်မှာ မောင်းမကန်နယ်မြေရဲစခန်းက ကင်းလှည့်ပြီးပြန်လာတဲ့ကားဟာ မောင်းမကန်ရဲစခန်းအနီး အရောက်မှာ ကြားဖြတ် တိုက်ခိုက်ခံခဲ့ရတာပါ။

“ကျနော်တို့ မိုင်းမဆွဲဘဲ ထိုးပစ်တာပါ။ ကားခေါင်းကိုဦးတည်ပြီးဆော်တာ။ ကားရှေ့ကနှစ်ကောင်လုံးသေပြီး ကားပါ ကျွမ်းပစ်သွားတယ်” လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ရှိသူ ကိုအုန်းအုန်းက ပြောပါတယ်။

အဲဒီပစ်ခတ်မှုအတွင်း ယာယီစခန်းမှူး ဒုရဲအုပ်စစ် အောင်သူထွန်းနဲ့ တပ်ကြပ်ကြီး ရဲညွန့်တို့ပွဲချင်းပြီးသေဆုံးခဲ့သလို နောက်ထပ်ရဲနှစ်ဦးလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူနှစ်ဦးထဲက တစ်ဦးဟာလည်း ဆေးရုံမှာသေဆုံးသွားတယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် အတည်ပြုချက်တော့မရယူနိုင်သေးဘူးလို့ ကိုအုန်းအုန်းက ဆက်ပြောပါတယ်။

ပစ်ခတ်မှုဖြစ်နေချိန် မောင်းမကန်ရဲစခန်းအတွင်းက စစ်ကူတွေရောက်လာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီဖြစ်စဥ်ဖြစ်ပွားပြီးနောက် တစ်နာရီခန့်အကြာမှာလည်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ YePhyu People Defence Force (YPPDF)တို့ ပူးပေါင်းပြီး မောင်းမကန်ရဲစခန်းသို့ Drone နဲ့ ဗုံးသီးချကာ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာလည်း ဘန်ကာထဲကိုဗုံးသီးတစ်လုံးနဲ့ အဆောက်အအုံပေါ်ကိုဗုံးသီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်သားတွေကတော့ မောင်းမကန်ရွာကို အင်အားအလုံးအရင်းနဲ့ ရောက်လာကာ စစ်ဆေးတာနဲ့ ကင်းလှည့်တာတွေပြုလုပ်ခဲ့ပြီး အဲဒီနေ့ညနေပိုင်းမှာပဲ မောင်းမကန်ရွာထဲက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ပါတယ်။

The Tanintharyi Times