ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ဟိန္ဒားကျေးရွာမှာ တောင်ပေါ်တက်အင်တာနက်သုံးသူတွေကို ပျူစောထီးအဖွဲ့က နှင်ချနေ
ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ ဟိန္ဒားကျေးရွာမှာ တောင်ပေါ်တက်အင်တာနက်သုံးသူတွေကို ပျူစောထီးအဖွဲ့က နှင်ချနေ
ဆက်သွယ်ရေးဖြတ်တောက်ခံထားရတဲ့ မေတ္တာမြို့၊ ဟိန္ဒားကျေးရွာမှာ ဖုန်းလိုင်းမိတဲ့ တောင်ပေါ်သို့ တက်ပြီး အင်တာနက်သုံးတဲ့ရွာသားတွေကို ပျူစောထီးအဖွဲ့က ခြိမ်းခြောက်နှင်ချနေတယ်လို့ ရွာခံတွေထံကနေ သိရပါတယ်။
ဟိန္ဒားကျေးရွာဟာ မေလ ၁၇ရက်နေ့ကတည်းက အခုအချိန်ထိ ဖုန်းနဲ့အင်တာနက်လိုင်းတွေ လုံးဝဖြတ်တောက်ခံထားရတဲ့ အရှေ့တောနယ်ကကျေးရွာတစ်ခုဖြစ်ပါတယ်။
” လူငယ်အားလုံးနီးပါးကဒီမှာလာသုံးကြတာပေါ့။ ပျူစောထီးတွေကလည်း အဲဒီတောင်ထိပ်မှာပဲနေရာယူပြီး လာမသုံးကြနဲ့၊ သတိထားပြီးနေကြ ဆိုတာတွေပြောပြီး နှင်ချတယ်။ သူတို့မှာကလက်နှက်တွေနဲ့ဆိုတော့ ကြောက်တာပေါ့လို့ ” လို့ရွာခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင်ပျူစောထီးအဖွဲ့တွေဟာ ဆက်သွယ်ရေးပြတ်တောက်နေတဲ့ရွာခံတွေကို စစ်တပ်တွေလာနေပြီဆိုတာတွေ၊ ဘယ်အချိန်လက်နှက်ကြီးနဲ့ပစ်လိမ့်မယ်ဆိုတာတွေ ပြောပြီး ဝါဒဖြန့်ခြိမ်းခြောက်နေတယ်လို့လည်း သိရပါတယ်။
သူတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက သတိပေးထားတဲ့အချိန်ခဏငြိမ်သွားပေမယ့် အခုတော့ပြန်ပြီး ခြိမ်းခြောက်တာတွေပြုလုပ်နေတယ်လို့လည်း ရွာခံတွေက ဆိုပါတယ်။
“ဆက်သွယ်ရေးတွေ အကုန်ပြတ်နေတော့ သူတို့တစ်ခုခုပြောလိုက်ရင်ကြောက်ပြီး ဆိုင်တွေပိတ်ကြ၊ ကြောက်ကြရတယ်။ ပစ္စည်းကားတွေလည်း ဒီနေ့အထိထွက်ခွင့်မရသေးဘူး” လို့ဟိန္ဒားရွာခံက ဆက်ပြောပါတယ်။
မေလ ပထမပတ်ကလည်း CDMပြုလုပ်ထားတဲ့ကျန်းမာရေးဝန်ထမ်းအမျိုးသားတစ်ဦးကို ဟိန္ဒားပျူစောထီးအဖွဲ့ဝင်တွေက အကြောင်းမဲ့ဝိုင်းဝန်းထိုးကြိတ်ကြတယ်လို့လည်း သိရပါတယ်။
ထားဝယ်ခရိုင်၊ အရှေ့တောနယ်က ကျေးရွာ ၂၀ ဝန်းကျင်မှာ မေလ ၁၅ရက်နောက်ပိုင်းကစလို့ ဖုန်းလိုင်းနဲ့အင်တာနက်တွေဖြတ်တောက်ခံထားရပြီး ကျေးရွာတချို့မှာပဲ တစ်ရက်ကို ၁နာရီခန့် သာ ဖုန်းလိုင်းမိပြီး၊ အင်တာနက်ရရှိနေတာဖြစ်ပါတယ်။
The Tanintharyi Times
