သီရိမိုး (သို့မဟုတ်) နွေဦးဖီးနစ်

သီရိမိုး (သို့မဟုတ်) နွေဦးဖီးနစ်

ဓာတ်ပုံ - မသီရိမိုး

သူမရဲ့နာမည်က မသီရိမိုး။ အသက်က ၂၂နှစ်အရွယ်၊ ဥပဒေပညာ တတိယနှစ် ကျောင်းသူ။
အာဏာသိမ်းဖြစ်စဉ်မတိုင်ခင် ကျောင်းသူဘဝမှာ ကျောင်းတွင်းဒီမိုကရေစီရရှိရေး၊ ကျောင်းသားထုအခွင့်အရေးရရှိရေး လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်လို့၊ ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဒုဥက္ကဌတာဝန်ကိုလည်း ထမ်းဆောင်ခဲ့တယ်။

ကျောင်းတိုးတက်ဖွံဖြိုးရေးလုပ်ငန်းတွေမှာ တက်ကြွစွာပါဝင်ရင်း အနာဂတ်အတွက် တည်ဆောက်နေခဲ့တာပေါ့။ တဖက်တလမ်းက တော့ Handmades လုပ်ငန်းကိုလုပ်ကိုင်ရင်း တခြားသူတွေကို ပြန်လည် မျှဝေရင်းနဲ့ဘဝကိုရည်တည်ခဲ့တာ စစ်တပ်က အာဏာမသိမ်းခင်အထိပါပဲ။တနိုင်ငံလုံးအမှောင်ကျ အာဏာရှင်ကို တော်လှန်ကြတဲ့အခါမှာတော့ သပိတ်တိုက်ပွဲတွေမှာ ဦးဆောင်။ အာဏာသိမ်းမှုယန္တယားမလည်ပတ်နိုင်အောင် ပြည်သူ့ဝန်ထမ်းတွေ CDMလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာဖို့ စည်းရုံးရင်းနဲ့ နေ့ရက်တွေကို သူ ဖြတ်သန်းတယ်။

“အကြမ်းမဖက်လူထုလှုပ်ရှားမှုကို အစဉ်တစိုက်လုပ်ခဲ့ပေမယ့် ဖိနှိပ်မှုတွေ၊ မတရား ညှင်းပန်းနှိပ်စက်မှုတွေက လျော့ကျမသွားဘူး။ ဖိနှိပ်မှုတွေများလာလေလေ တော်လှန်လိုစိတ်က ပိုပြင်းပြလာလေပါပဲ” လို့ သူမကပြောတယ်။စစ်အာဏာရှင်တွေကို အကြမ်းမဖက်တဲ့နည်းအပြင် သေနတ် သေနတ်ချင်း ယှဉ်ပစ်ဖို့ လိုအပ်တယ်လို့ သူမကခံယူလာတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်တော်လှန်ရေးဘက်ကို ကျွန်မရောက်ရှိလာခဲ့တာလို့ ရှင်းပြတယ်။သူမဟာ အာဏာရှင်တွေကျရှုံးပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အချိန်ထိ တော်လှန်သွားဖို့ သန္နိဌာန်ပြုထားတယ်။

လက်နက်ကိုင်တော်လှန်ရေးရဲ့ခက်ခဲကြမ်းတမ်းမှုကို အကောင်းမွန်ဆုံး အန်တုနေတဲ့ သူမဟာ အမျိုးသမီးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံအရ သန်မာလာဖို့ အများကြီးကြိုးစားနေရဆဲပါ။လူငယ်မိန်းကလေးတစ်ယောက်ရဲ့ အလှအပနဲ့ ပျော့ပြောင်း၊ နူးညံ့မှုတွေကို ကျောခိုင်းပြီး အသန်မာဆုံးဖြစ်အောင်နဲ့ အဆင်မပြေမှုတွေကြားမှာ အဆင်ပြေဆုံးဖြစ်အောင် သူမ ကြိုးစားနေပါတယ်။

တခြားအမျိုးသမီးတွေကိုလည်း မသီရိမိုးက တိုက်တွန်းထားတာ ရှိပါတယ်။”အမျိုးသမီးဖြစ်နေလို့ ဆိုပြီးအားမလျော့ပါနဲ့။ စိတ်ဓာတ်မကျပါနဲ့။ ကြုံလာတဲ့ အခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ပြီး တော်လှန်ရေးအတွက် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ပေးကြပါ”တဲ့။မသီရိမိုးဟာ စစ်ကောင်စီရဲ့ ဖမ်းဝရမ်းအထုတ်ခံထားရသူ အမျိုးသမီးတစ်ဉီးပါ။

စစ်ကောင်စီတပ်က သူမကိုလာရောက်ဖမ်းဆီးချိန်မှာ မတွေ့တဲ့အတွက် သူမရဲ့အမေကိုဖမ်းဆီးသွားခဲ့တယ်။ ပြီးတော့ရာဇသတ်ကြီး ပုဒ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပါတယ်။အာဏာရှင်ကိုတိုက်တဲ့ နွေဦးလူထုတော်လှန်ရေးမှာ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိ၊ တော်လှန်လိုစိတ်နဲ့ စွန့်လွှတ်ပေးဆပ်မှုတွေဟာ အံ့မခန်းပါပဲ။ အနာဂတ်မြန်မာပြည်ရဲ့ တိုးတက်၊ ပျော်ရွှင်မှုတိုင်းဟာ မသီရိမိုးတို့လို သူရဲကောင်းအမျိုးသမီးတွေရဲ့ ဘဝတွေနဲ့ ရင်းပြီး တည်ဆောက်ထားတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ဖို့ လိုပါတယ်။