BGF ခေါင်းဆောင်တွေကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း

BGF ခေါင်းဆောင်တွေကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရကို JFM တိုက်တွန်း

ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူး စောတင်ဝင်းနဲ့ ဗိုလ်မုတ်သုန်တို့ကို အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ ထိုင်းအစိုးရကို Justice for Myanmar အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူ အပါအဝင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ခေါင်းဆောင် သုံးဦးကို လူကုန်ကူးမှုအတွက် ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာန DSI က စုံစမ်းစစ်ဆေးနေတယ်ဆိုတဲ့ အပေါ် ကြိုဆိုကြောင်းနဲ့ ထိုင်းအစိုးရအနေနဲ့ တရားရုံးမှာ အမြန်ဆုံး ဖမ်းဝရမ်းလျှောက်ထားနိုင်ဖို့ JFM က တိုက်တွန်းထားတာပါ။

BGF ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်တာဟာ ထိုင်းနယ်စပ်တလျှောက် ကရင်နယ်ခြားစောင့်တပ် ခေါင်းဆောင်တွေ ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖြေရှင်းရာမှာ အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်လာမယ်လို့ JFM ဘက်က ဆိုပါတယ်။

“အခုချိန်မှာ ထိုင်းအစိုးရအနေနဲ့ ဖမ်းဝရမ်းလျှောက်ထားပြီး လိုက်ပါလုပ်ဆောင်ဖို့ လိုအပ်တယ်၊ ဒါက ကရင်နယ်ခြားစောင့်တပ်တွေရဲ့ ရာဇဝတ်မှုတွေမှာ ထိခိုက်နစ်နာခဲ့ရသူတွေအတွက် တာဝန်ခံမှု ပေးနိုင်ဖို့ မဖြစ်မနေ လုပ်ဆောင်ရမယ် ခြေလှမ်းတရပ် ဖြစ်ပါတယ်” လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်က BGF ခေါင်းဆောင်တွေနဲ့ သူတို့ မိသားစုတွေရဲ့ မြေထိန်းချုပ်မှု၊ အိမ်ခြံမြေလုပ်ငန်းတွေ၊ မှောင်ခိုလုပ်ငန်း၊ လူကုန်ကူးမှု၊ လူသုံးကုန်ပစ္စည်း ရောင်းချမှုကနေတဆင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းကနေ အကျိုးအမြတ်ရနေပုံတွေကို JFM က စုံစမ်းဖော်ထုတ်ထားတဲ့ အစီရင်ခံစာတစောင် ထုတ်ပြန်ခဲ့ပါတယ်။

ယင်းအစီရင်ခံစာမှာ စောချစ်သူနဲ့ သူ့ရဲ့ သားသမီးတွေဟာ ကရင်နယ်ခြားစောင့်တပ် ကုမ္ပဏီ ၉ ခုကို စုပေါင်းပိုင်ဆိုင်ထားပြီး ယင်းမိသားစု ပိုင်ဆိုင်မှုတွေ ဖြစ်တဲ့ Apollo Park နဲ့ Yulong Bay Park ကနေတဆင့် ဆိုက်ဘာငွေလိမ်လုပ်ငန်း ခြံကြီး နှစ်ခုမှာ ရှယ်ယာများစွာ ပါဝင်နေတယ်လို့ JFM က ဖော်ပြထားပါတယ်။

ဗိုလ်မှူး စောတင်ဝင်း ထိန်းချုပ်ထားတဲ့ ကရင်နယ်ခြားစောင့်တပ် အပိုင် ရွှေမြစ်သောင်ရင်းကုမ္ပဏီကလည်း ထိုင်းနိုင်ငံပိုင် ခရိုင်လျှပ်စစ်အာဏာပိုင်အဖွဲ့ PEA ဆီမှာ စွမ်းအင်တင်သွင်းခွင့် စာချုပ်ချုပ်ဆိုထားပြီး မြဝတီမြို့နယ်အတွင်းရှိ ဆိုက်ဘာငွေလိမ်စင်တာတွေနဲ့ အွန်လိုင်းကာစီနိုလုပ်ငန်းတွေကို လျှပ်စစ်စွမ်းအင် ပေးဆောင်နေတာ ဖြစ်ပါတယ်။

“ထိုင်းအာဏာပိုင်တွေအနေနဲ့ ကရင်နယ်ခြားစောင့်တပ် မိသားစုဝင်တွေ၊ သူတို့ရဲ့ စစ်အုပ်စု တပ်မှူးတွေ၊ မြန်မာနဲ့ ထိုင်းနိုင်ငံအတွင်း သူတို့မိတ်ဖက်တွေကို ဖမ်းဝရမ်းတွေ ထုတ်ပြီး လူကုန်ကူးမှုတွေအပေါ် အရေးယူဆောင်ရွက်မှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်” လို့ JFM ပြောခွင့်ရ မရတနာမောင်က ပြောပါတယ်။

ဒါ့အပြင် ကရင်နယ်ခြားစောင့်တပ်ဟာ မြန်မာစစ်တပ်ရဲ့ အမိန့်ပေးကွပ်ကဲမှုအောက်မှာ ရှိနေတာကြောင့် စစ်ကောင်စီနဲ့ BGF တို့ ပူးပေါင်းပြီး ဘဏ္ဍာရေးရှာဖွေတဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂိုဏ်း ကွန်ရက်တခု အဖြစ် လည်ပတ်နေကြတယ်လို့ JFM ဘက်က ထောက်ပြပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေ ၊ လူကုန်ကူးမှုတွေရဲ့ အကြောင်းရင်းမြစ်ဖြစ်တဲ့ မြန်မာစစ်တပ် အရေးကိုလည်း မဖြစ်မနေ ဖြေရှင်းဖို့ လိုပြီး ထိုင်းနိုင်ငံဟာ စစ်အုပ်စုကို ဘဏ္ဍာငွေ အသက်သွေးကြော ပေးနေသေးသ၍ ဆိုက်ဘာငွေလိမ်မှု၊ လူကုန်ကူးမှုတွေ ဆက်ဖြစ်နေမှာ ဖြစ်တယ်လို့ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောဆိုပါတယ်။

The Tanintharyi Times