စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေ အကြံပြုခဲ့ကြောင်း စစ်ကောင်စီ ဆို

စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီတွေ အကြံပြုခဲ့ကြောင်း စစ်ကောင်စီ ဆို

စစ်မှုထမ်းသူတွေရဲ့ အရေအတွက်ကို တိုးမြှင့်ခေါ်ယူဖို့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက အကြံပြုခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သတင်းစာမှာ ရေးသားထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားကြတဲ့ နိုင်ရေးပါတီတွေဟာ နေပြည်တော်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် စစ်မှုထမ်း တိုးမြှင့်ခေါ်ယူဖို့ ကိစ္စကို အကြံပြုခဲ့တာပါ။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲမှာ ကော်မတီ ဥက္ကဌ ဖြစ်တဲ့ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ နိုင်ငံရေးပါတီအစုအဖွဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ဥက္ကဌကတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ဖြစ်ပါတယ်။

ယင်းဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေက နိုင်ငံရေးဝါဒမှိုင်းတွေကြောင့် ဖြစ်ပေါ်လာတဲ့ PDF တွေကို နိုင်ငံတော်ရင်ခွင်သို့ ပြန်လည်ဝင်ရောက်မှု များပြားလာစေရေး၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြံပြုခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဦးကိုကိုကြီး၊ ရခိုင်နိုင်ငံရေးသမား ဒေါက်တာ အေးမောင် အပါအဝင် နိုင်ငံရေးပါတီတွေ စစ်မှုထမ်းရမယ့်သူ တိုးခေါ်ဖို့ ကိစ္စ ပြောဆိုခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ပြဌာန်းကြောင်း ကြေညာခဲ့ပါတယ်။

နိုင်ငံတဝန်း တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ တပ်သားလိုအပ်များ များပြားလာတဲ့ စစ်ကောင်စီဟာ ပြည်သူတွေကို စစ်မှုထမ်းဖို့ တပ်သားစုဆောင်းနေပြီး လက်ရှိမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၉ အထိ ဖွင့်လှစ်ထားပြီး ဖြစ်ကြောင်း သိရပါတယ်။

The Tanintharyi Times