စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ငါးရာနီးပါးသေဆုံး

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ငါးရာနီးပါးသေဆုံး

ဓာတ်ပုံ - ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ တပ်ဖွဲ့ဝင်များ။

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ငါးရာနီးပါးသေဆုံးခဲ့တယ်လို့ မြိတ်ခရိုင်၊ တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် တပ်ရင်း (၁) အဖွဲ့တစ်ဖွဲ့တည်းရဲ့ တိုက်ခိုက်မှုအကြိမ်အရေအတွက်ဟာ ၇၂ ကြိမ်ရှိခဲ့ပြီး ပုလောမြို့နယ် T2 ဇုံအတွင်း အခြေစိုက်ထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်အားလုံးရဲ့ ပူးပေါင်းတိုက်ခိုက်မှုအကြိမ်ရေတွက်ဟာဆိုရင် ၁၀၀ ထက်မနည်းရှိနိုင်တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

“၅၀၀ လုံးက ပူးပေါင်းတပ်တွေနဲ့ အတူတူတိုက်တဲ့ချိန်ကျတာလည်းပါတယ်။ တစ်ဖွဲ့တည်းတိုက်တဲ့ချိန်တွေလည်းပါတယ်။ ထိခိုက်ဒဏ်ရာရတာကတော့ မရေနိုင်ဘူး။ ကျွန်တော်တို့ ပူပေါင်းတပ်တွေဘက်ကလည်း ကျတာပဲ။ တော်လှန်ရေးအင်အားစုတွေဘက်ကဆို ၁၀ ကျော်ကျတယ်။ တခြားကိုယ်လက်အင်္ဂါထိခိုက်ပျက်စီးတာလည်း ၁၀ လောက်ရှိတယ်” လို့ သူက ပြောပါတယ်။

လက်ရှိမှာတော့ ပုလောမြို့နယ်ထဲက ကျေးရွာအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားနိုင်ပြီး ကျန်တဲ့ နေရာတွေက စစ်မြေပြင် ဖြစ်နေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

“တို၊ ပဝတ်ကုန်း၊ သင်္ကန်းတော ဒီရွာတွေကတော့ အဓိက စစ်တလင်းဖြစ်နေတယ်။ ဟိုဘက်ရော ဒီဘက်ရောက မထိန်းချုပ်နိုင်ကြဘူး။ ပြည်သူတွေလည်း ဒုက္ခ‌ရောက်နေတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ ပြည်သူလုံခြုံဖို့ကိုပဲ အဓိကဦးစားပေးပြီးမှ ဘာဖြစ်ဖြစ်လုပ်တယ် ”လို့ မြိတ်ခရိုင်တပ်ရင်း (၁)ရဲ့ တာဝန်ရှိသူကဆိုပါတယ်။

ပုလောတစ်မြို့နယ်အတွင်း ပုလောမြို့အခြေစိုက် ခလရ (၂၈၅)၊ ပလရဲစခန်း၊ ပလောက်မြို့နယ်အခြေစိုက် ခလရ (၂၈၀)၊ ဘုတ်ခြံရှိ အမှတ်(၁၇) ခြေလျင်တပ်ရင်း တွေမှာ စစ်ကောင်စီတပ်သား ၄၀၀ ခန့် အခိုင်အမာ တပ်စွဲထားပြီး ပလရဲစခန်းမှာတော့ အင်အားအများဆုံး တပ်စွဲထားတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်ဟာ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်ကို တော်လှန်တိုက်ခိုက်မှုအားအကောင်းဆုံးမြို့နယ်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါင်း ၁၀ ဖွဲ့နီးပါးရှိပါတယ်။

The Tanintharyi Times