စစ်ကောင်စီဆေးတပ်က တပ်ကြပ်ကြီးစာရေးတစ်ဦးကို ပုလောက PDF တွေဖမ်းဆီး

စစ်ကောင်စီဆေးတပ်က တပ်ကြပ်ကြီးစာရေးတစ်ဦးကို ပုလောက PDF တွေဖမ်းဆီး

ဓာတ်ပုံ - ဓာတ်ပုံ-ပုလောမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်သားတွေ (ပုံဟောင်း)

ဘုတ်ပြင်းမြို့ဆေးတပ်က စစ်ကောင်စီ တပ်ကြပ်ကြီးစာရေးတစ်ဦးကို ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဖမ်းဆီးခဲ့တယ်လို့ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF သတင်းထုတ်ပြန်ပါတယ်။

အခုလ ၂၁ရက်နေ့ ညနေပိုင်းက ကဒဲကျေးရွာနဲ့ သင်္ကန်းတောကျေးရွာအနီးက လမ်းမကြီးပေါ်မှာ ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုတွေပြုလုပ်နေချိန် ခရီးသည်ကားနဲ့လိုက်ပါလာတဲ့သူ့ကိုဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူကတော့ ဘုတ်ပြင်းမြို့ (တဆရ ဆေးရုံ ၁၈/၁၀၀)က တပ်ကြပ်ကြီးစာရေး သန်းဇော်ဦးဖြစ်ပြီး လက်ရှိမှာတော့သူ့ကို PRDF အဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားတယ်လို့သိရပါတယ်။

“ဆွေးနွေးတိုင်ပင်ပြီးမှ သူ့ကို ဘယ်လိုအရေးယူမလဲဆိုတာ ဆုံးဖြတ်သွားပါ့မယ်” လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ PRDF ရဲ့တာဝန်ရှိသူကပြောပါတယ်။

သူဟာ စစ်သံရုံးဝင်ခွင့်ဖြေရာကပြန်လာသူဖြစ်ပြီး တာဝန်ထမ်းဆောင်ချိန် ၁၆ နှစ်ကျော်ရှိပြီဖြစ်တယ်လို့သိရပါတယ်။

ဖမ်းဆီးချိန် သူဆီကနေ ဖုန်းတစ်လုံးနဲ့ ငွေနှစ်သောင်းကျော်သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အခုလ ၂ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ ဇဝဲအခြေစိုက် ခမရ (၅၅၆)တပ်ရင်းက စစ်ကောင်စီ တပ်သားတစ်ဦးကို PRDFကစစ်ဆေး ဖမ်းဆီးခဲ့ပါတယ်။

အလားတူ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ကော့သောင်းအကျဥ်းထောင်က ဦးစီးမှုးတစ်ဦးကို ကပုလောမြို့နယ်လမ်းပေါ်မှာ PRDFက ဖမ်းဆီးခဲ့ပါသေးတယ်။

The Tanintharyi Times