ပုလောမှာ ရွာလုံးကျွတ်အိုးအိမ်စွန့်ခွာတာတွေကြောင့် စပါးရိတ်သိမ်းရာသီမှာ လုပ်သားရှားပါးမှုနဲ့ ကြုံနေရ
ပုလောမှာ ရွာလုံးကျွတ်အိုးအိမ်စွန့်ခွာတာတွေကြောင့် စပါးရိတ်သိမ်းရာသီမှာ လုပ်သားရှားပါးမှုနဲ့ ကြုံနေရ
တိုက်ပွဲတွေနဲ့ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူများလာလို့ စပါးရိတ်သိမ်းရာသီမှာ ကောက်ရိတ်လုပ်သား ရှားပါးတဲ့ ပြဿနာကို ပုလောမြို့နယ်က လယ်ရှင်တွေ ရင်ဆိုင်နေရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ပစ်ခတ်မှုတွေ၊ စစ်ကောင်စီက လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို အသက်အရွယ်မရွေး ဖမ်းဆီး၊ သတ်ဖြတ်တာစတဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ရွာလုံးကျွတ် အိုးအိမ်စွန့်ခွါ၊ ထွက်ပြေးတာတွေ ပုလောမြို့နယ်မှာ ရှိလာခဲ့ပါတယ်။
“စစ်မဖြစ်ဘဲလည်း လူတွေက ရွာမှာမနေကြတော့ဘူး။ ဟိုးနားက အုံးခနဲ ဒီနားကအုံးခနဲနဲ့ လုံမှ မလုံခြုံတာ။ စစ်ဖြစ်တဲ့ရွာက ရွာလုံးကျွတ်ထွက်၊ မဖြစ်တဲ့ရွာက လူငယ်တွေထွက်နဲ့ ရွာတွေပျက်နေကြပြီ။” လို့ ပုလောဒေသခံမျိုးသားတစ်ဦးက ပြောပါတယ်။
ပုလောမြို့နယ်ထဲက ကားလမ်းမနဲ့နီးတဲ့အိမ်တွေအပါအဝင် ပဝတ်ကုန်း၊ ကဒဲ၊ တို ရွာကဒေသခံတွေက ရွာလုံးကျွတ်ထွက်ပြေးနေရပြီး သင်္ကန်းတော၊ တန်းရှင်း၊ ပိတပ်၊ မြဒေါင်၊ လက္ကူး၊ ဂျင့်ဂါ၊ ဝက်တိုး စတဲ့ရွာတွေမှာတော့ တစ်ချို့တစ်ဝက် တိမ်းရှောင်နေကြရပါတယ်။
“မနှစ်ကကျတော့ ကိုယ့်ရွာမှာ(ကောက်ရိတ်သူ) ရှာမရရင် ဘေးရွာတွေသွားပြီး ရှာလို့ရသေးတယ်။ ဒီနှစ်က ဘေးရွာမှာလည်း မရှိဘူး။” လို့ လယ်မြေရှစ်ဧကစိုက်ပျိုးလုပ်ကိုင်နေတဲ့ လယ်ရှင်တစ်ဦးက ပြောပါတယ်။
ကောက်ရိတ်လုပ်သားရှားပါးတာကို မနှစ်ကတည်းက အနည်းအကျဉ်းရင်ဆိုင်ခဲ့ရပေမယ့် ဒီနှစ်မှာတော့ လုပ်အားခအပြိုင်အဆိုင်ပေးတာတောင်မှ ရှိတဲ့ကောက်ရိတ်သမားအားလုံးနီးပါးက အလုပ်လက်ခံထားပြီးဖြစ်နေတယ်လို့ လယ်ရှင်တွေက ပြောပါတယ်။
အမျိုးသမီးတစ်ဦးကောက်ရိတ်ခက စစ်အာဏာမသိမ်းခင်အချိန်ကဆိုရင် တစ်နေ့ကို လုပ်အားခ ၆,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး အခုလက်ရှိမှာတော့ ကျပ် ၁၀,၀၀၀ ဝန်းကျင်၊ အမျိုးသားတစ်ဦးကို ကျပ် ၁၀,၀၀၀ ရှိခဲ့ရာကနေ အခုလက်ရှိမှာ ၁၅,၀၀၀ ကျပ် ဈေးရှိနေတယ်လို့ လယ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ဖော်ပြထားတဲ့ အခုနှစ်လုပ်အားခတွေဟာ လုပ်သားအင်အားရှာပါးပြီး အပြိုင်အဆိုင်ဈေးခေါ်တာကြောင့် ဈေးအတည်တကျမရှိဘဲ တစ်ရွာနဲ့တစ်ရွာ ကျပ်ငွေထောင်ဂဏန်း အတိုး၊ အလျော့ရှိတယ်လို့ ဆိုပါတယ်။
“ဈေးက ငါးရာ၊တစ်ထောင် သူဦး၊ ငါအရင်အပြိုင်ခေါ်နေရတာ။ ဒါတောင်လူငယ်တွေမဟုတ်ဘူး လူကြီးတွေ။ အဲဒီလူတွေကိုပဲ အပြိုင်ခေါ်နေရတယ်။”လို့ လယ်လေးဧကဝန်းကျင် စိုက်ပျိုးထားတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လယ်လုပ်ငန်းခွင့်မှာ လုပ်သားလိုအပ်ချက်အရ အသက် ၆၀ အရွယ်လူကြီးတွေပါ ကောက်ရိတ်နေကြရပြီး လူကြီးတွေက လူငယ်တွေလောက် အလုပ်မတွင်ပေမယ့် နားလည်မှုနဲ့ လုပ်ကိုင်နေကြရတယ်လို့ လယ် ပိုင်ရှင်တွေက ပြောပြချက်အရ သိရပါတယ်။
“လူကြီးနဲ့လူငယ် လုပ်ရည်ကိုင်ရည်ကတော့ ဘယ်တူမလဲ။ ဒါပေမဲ့လည်း မိုးမရွာခင်၊ စစ်မဖြစ်ခင်အချိန်မီ ပြီးဖို့ကြတော့ ရှိတဲ့လူနဲ့ပဲ ပြီးအောင်လုပ်ရတာပေါ့။” လို့ လယ်ရှင်အမျိုးသမီးက ပြောပါတယ်။
လုပ်သားရှားပါးလာတာကြောင့် ရိတ်သိမ်းခြွေလှေ့စက်ငှားရမ်းပြီး စပါးရိတ်သိမ်းဖို့ရည်ရွယ်ပေမယ့် မိုးများခဲ့ပြီး လယ်မြေစိုနေတာကြောင့် လယ်ထဲစက်ဆင်းလို့မရတာကြောင့် စပါးအချိန်မီ မရိတ်သိမ်းနိုင်မှာကို စိုးရိမ်နေတဲ့သူတွေလည်း ရှိနေပါတယ်။
လယ်ဧက ၂၀ ကျော်စိုက်ပျိုးထားတဲ့အမျိုးသမီးတစ်ဦးက “အခုထိလူငှားမရသေးဘူး။ စက်လည်းဆင်းမရ၊ လူလည်းငှားမရရင် လယ်တွေကို ဆုံးရှုံးရမှာ။” လို့ ပြောပါတယ်။
ပင်လယ်ကမ်းခြေဒေသဖြစ်တဲ့ ပုလောမြို့နယ်ကလယ်အများစုဟာ လယ်မြေစိုတာ၊ စက်ဆင်းဖို့လမ်းမကောင်းတာ၊ တံတားတွေမိုင်းခွဲတိုက်ခိုက်ခံရတာ၊ နယ်မြေမအေးချမ်းတာ စတဲ့ လယ်ထဲစက်ဆင်းလို့မရတဲ့အခြေအနေတွေကြောင့် ကောက်ရိတ်သမား မဖြစ်မနေလိုအပ်တယ်လို့ စပါးရိတ်သိမ်းသူတွေက ပြောပါတယ်။
မြိတ်ခရိုင်ထဲက ပုလောမြို့နယ်ဟာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံထားရသလို တနင်္သာရီတိုင်းအတွင်း တိုက်ပွဲအများဆုံးနဲ့ စစ်ဘေးရှောင်ပြည်သူအများဆုံးမြို့နယ်လည်း ဖြစ်နေပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပုလောမြို့နယ်မှာ လယ်မြေဧက ၂၄၀၀၀ ကျော်ရှိပါတယ်။ ဒါပေမယ့် နယ်မြေမတည်ငြိမ်မှုတွေကြောင့် လယ်မြေဧကအပြည့် မစိုက်ပျိုးနိုင်သလို အယ်နီညိုရာသီဥတုကြောင့်လည်း စပါးခင်းပျက်စီးခဲ့တာတွေ အခုနှစ်မှာ အများအပြားရှိခဲ့ပါတယ်။
စပါးစိုက်ပျိုးချိန်ကစလို့ ရိတ်သိမ်းချိန်ထိ အခက်အခဲပေါင်းစုံနဲ့ရင်ဆိုင်နေရတဲ့ ပုလောမြို့နယ်က လယ်ယာလုပ်ငန်းလုပ်ကိုင်သူတွေကတော့ စပါးဈေးကောင်းဖို့နဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေက ဆန်၊ စပါးတွေကို လွတ်လပ်စွာသယ်ယူခွင့်ပေးဖို့ကို မျှော်လင့်နေကြပါတယ်။
The Tanintharyi Times
