စစ်ကောင်စီတပ်သားတွေ ပုလောမှာ နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်းသေဆုံး

စစ်ကောင်စီတပ်သားတွေ ပုလောမှာ နှစ်ကြိမ် တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်းသေဆုံး

စစ်ကောင်စီတပ်သားတွေ ဒီနေ့တစ်ရက်တည်းမှာတင် ပုလောမြို့နယ်မှာ နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ပုလော PDFက သတင်းထုတ်ပြန်ပါတယ်။

ပုလောကုန်းကျေးရွာမှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်သားတွေကို ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊မြိတ်ခရိုင်တပ်ရင်း (၁)နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းပြီး ဒီနေ့မနက် ၈နာရီဝန်းကျင်အချိန်မှာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

မိနစ် ၃၀ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၂ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲဒီနောက်မှာတော့ ပုလောမြို့အခြေစိုက် ခလရ (၂၈၅) တပ်ရင်းနဲ့ တိုက်ခိုက်ခံရတဲ့ပုလောကုန်းဘက်က လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ပုလော PDFတာဝန်ရှိသူကဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုပြီးနောက် တစ်နာရီခန့်အကြာ မနက်၉နာရီခွဲလောက်မှာလည်း ထားဝယ်မြို့ကနေ ပုလောဘက်ကိုဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ပုလောမြို့ မိုင်တိုင်အမှတ် ၄ အနီးမှာ မိုင်းနှစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

” မိုင်းထိပြီးကားတစ်စီးထိုးရပ်သွားတယ်။ ဒါပေမယ့်ကားပေါ်ကထိခိုက်မှုအခြေအနေကိုတော့ ကျနော်တို့ အသေးစိတ်မသိရသေးတာပါ” လို့ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့တာဝန်ရှိသူကပြောပါတယ်။

တိုက်ခိုက်မှုနှစ်ခုစလုံးမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်မှုတစ်စုံတစ်ရာမရှိပဲ အောင်အောင်မြင်မြင်နဲ့ လွတ်မြောက်နယ်မြေကိုပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

The Tanintharyi Times