အောင်သာဝရစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့တော်လှန်ရေးရဲဘော်တွေကို အခမ်းအနားနဲ့ကြိုဆို
အောင်သာဝရစခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ပြန်လာတဲ့တော်လှန်ရေးရဲဘော်တွေကို အခမ်းအနားနဲ့ကြိုဆို
စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကိုသိမ်းပိုက်ပြီး ရှေ့တန်းကပြန်လာတဲ့ တော်လှန်ရေးရဲဘော်တွေကို ကြိုဆိုဂုဏ်ပြုတဲ့အခမ်းအနားကို ဒီကနေ့မနက်ပိုင်းမှာပြုလုပ်ခဲ့တယ်လို့ မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)ဆီကသိရပါတယ်။
အဲဒီအခမ်းအနားကို မြိတ်-ထားဝယ်ခရိုင် ကရင်လူငယ်အစည်းအရုံး (KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)နဲ့ ဌာနဆိုင်ရာလူငယ်တွေက ဦးဆောင်ပြီး KNU တပ်မဟာ ၄ရဲ့ ထိန်းချုပ်နယ်မြေတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တာပါ။
ရှေ့တန်းကပြန်လာတဲ့သူတွေဟာ တပ်မဟာ ၄ ရဲ့စစ်ကြောင်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLAရဲဘော်တွေ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)ရဲဘော်တွေနဲ့ သူတို့ရဲ့စစ်ရေးကွပ်ကဲမှုအောက်က ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ KYO ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒီနေ့မနက်အခမ်းအနားကို KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့ ဥက္ကဌ ပဒိုစောဖလို့စိုးဝင်း၊ အတွင်းရေးမှူး ပဒိုစောအယ်နား၊ တပ်မဟာ(၄) တပ်မဟာမှူးနဲ့ တပ်မဟာခေါင်းဆောင်တွေက တက်ရောက်ပြီး ကြိုဆိုဂုဏ်ပြုအားပေးစကားပြောခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားကိုတက်ရောက်ခဲ့တဲ့ KNU တပ်မဟာ ၄မြိတ်-ထားဝယ်ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက အရင်ကသက်ဆိုင်ရာတပ်ရင်းအလိုက် ရှေ့တန်းပြန်ရဲဘော်တွေကိုကြိုဆိုခဲ့တာမျိုးရှိပေမဲ့ တပ်မဟာရဲ့စစ်ကြောင်းကို တပ်မဟာတာဝန်ရှိသူတွေကခုလိုအခမ်းအနားနဲ့ ကြိုဆိုတာမျိုးကတော့ စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
“ကြိုဆိုဂုဏ်ပြုတာကတော့ တပ်မဟာစစ်ကြောင်းကတပ်သားတွေအပြင် PDFရဲဘော်တွေ၊ တော်လှန်ရေးမှာပါဝင်နေတဲ့ အရပ်သားတွေအားလုံးကိုပေါ့နော်။ အားလုံး ပူးပေါင်းပါဝင်မှုကြောင့် ကျနော်တို့အောင်မြင်မှုရတယ်။ အကုန်လုံးကို ကျေးဇူးတင်ဂုဏ်ပြုတဲ့အနေနဲ့ဒီပွဲကိုလုပ်တာပါ” လို့ အတွင်းရေးမှူး ပဒိုစောအယ်နားကပြောပါတယ်။
တနင်္သာရီမြစ်ကမ်းနဘေးက စစ်ကောင်စီရဲ့ အောင်သာဝရစခန်းကို အခုလ ၁၄ ရက်နေ့က KNU တပ်မဟာ ၄ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၇ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအများအပြားရရှိခဲ့တယ်လို့ လည်း KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်ရဲ့အတွင်းရေးမှူး ပဒိုစောအယ်နားက တနင်္သာရီတိုင်းကို အတည်ပြုဖြေကြားထားပါတယ်။
အောင်သာဝရစခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ပြီးနောက်တစ်ရက်အကြာမှာပဲ တနင်္သာရီမြစ်ကမ်းနဘေးက နောက်တပ်ခြေကုတ်စခန်းတစ်ခုဖြစ်တဲ့ ကျောက်လုံးကြီးစခန်းကိုလည်း စစ်ကောင်စီတပ်သားတွေက စွန့်ခွာသွားခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းခဲ့ပါတယ်။
အခုနှစ်ခြောက်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)၊ ကော်သူးလေတပ်မတော်(KTLA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့တဲ့ စစ်ကောင်စီစခန်းနဲ့ ပျူစောထီးစခန်းပေါင်း ၁၀ ခုအထိရှိပြီဖြစ်ပါတယ်။

The Tanintharyi Times
