ကော့သောင်းမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးယုလွင် သေနတ်နဲ့ ပစ်ခံရပြီးနောက် အရပ်သား ၇ ဦးဖမ်းဆီးခံရ
ကော့သောင်းမြို့က စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးယုလွင် သေနတ်နဲ့ ပစ်ခံရပြီးနောက် အရပ်သား ၇ ဦးဖမ်းဆီးခံရ
ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးဟာ မနေ့ညက သေနတ်နဲ့ပစ်ခတ်ခံရပြီးနောက် အရပ်သား ၇ ဦးဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးယုလွင်ဟာ ဇွန်လ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ယင်းဝါရေလှောင်ကန်အနီးပစ်သတ်ခံခဲ့ရတယ်လို့သိရပါတယ်။
“သူက သစ်သီးဆိုင်မှာ သစ်သီးဝယ်ပြီးအပြန် စမ်းရေအေးကုန်းဆင်းမှာ ဆိုင်ကယ်ရပ်လိုက်တဲ့အချိန် လူငယ်နှစ်ယောက်က သေနတ်နဲ့ လာပစ်တာပါ” လို့ ကော့သောင်း ဒေသခံတစ်ဦးက တနင်္သာရီတိုင်းမ်ကိုပြောပါတယ်။
ဦးယုလွင်ဟာ အရင်က ဆယ်အိမ်မှူးတစ်ဦးဖြစ်ပြီးအာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အုပ်ချုပ်ရေးမှူးခန့်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
သူဟာ အပြင်ထွက်ရင် သေနတ်ကိုခါးကြားမှာ အမြဲထိုးပြီးသွားလေ့ရှိတယ်လို့ဒေသခံတွေကပြောပါတယ်။
ဦးယုလွင် သေနတ်နဲ့ပစ်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်ကလာရောက် ရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး အနီးအနားက လူငယ် ၃ ဦး ၊ အဝိုင်းပတ်နားက လူငယ် ၃ ဦး နဲ့ အေးရိပ်ငြိမ်ရပ်ကွက် ညနေစျေးတန်းက အမျိုးသမီး တစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။
“ဖမ်းဆီးခံရတဲ့ အန်တီက အိမ်မှာ သူ့သားကိုမတွေ့လို့ သူ့ကိုဖမ်းခေါ်သွားတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဦးယုလွင်ဟာနောက်ကျောကိုသေနတ်နဲ့ တစ်ချက် ပစ်ခံရပြီးနောက် ကော့သောင်းဆေးရုံကိုခေါ်သွားတယ်လို့သိရပြီး နောက်ဆက်တွဲအခြေအနေကိုမသိရသေးပါဘူး။
ဦးယုလွင်ဟာ ပြည်သူတွေနဲ့ CDM ဝန်ထမ်းတွေကို ဖိနှိပ် ခြိမ်းခြောက်တာတွေပြုလုပ်ခဲ့တဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
အဲဒီပစ်ခတ်မှုဟာ ပြည်သူတွေနဲ့မသက်ဆိုင်ဘူးလို့ ကော့သောင်း ပကဖ က ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
