အမြတ် ၁၅ ရာနှုန်းရမယ်ဆိုတဲ့မက်လုံးနဲ့ နိုင်ငံတကာငွေကြေးအရောင်းအဝယ်လုပ်သူတွေဆီမှာ ငွေထည့်ကြတဲ့ ထားဝယ်ဒေသခံတွေများလာ

အမြတ် ၁၅ ရာနှုန်းရမယ်ဆိုတဲ့မက်လုံးနဲ့ နိုင်ငံတကာငွေကြေးအရောင်းအဝယ်လုပ်သူတွေဆီမှာ ငွေထည့်ကြတဲ့ ထားဝယ်ဒေသခံတွေများလာ

ပုံစာ - နိုင်ငံတကာငွေကြေးအရောင်းအဝယ်စျေးကွက်တစ်ခု။

နိုင်ငံတကာငွေကြေးအရောင်းအဝယ်စျေးကွက်ကနေ အမြတ်ငွေ ၁၅ ရာခိုင်နှုန်းခွဲပေးမယ်ဆိုတဲ့ စည်းရုံးနေကြတဲ့သူတွေဆီမှာ ထားဝယ်ခရိုင်ထဲက ဒေသခံတွေ ငွေထည့်ဝင်သူတွေများလာနေပါတယ်။

Forex trading လို့ခေါ်တဲ့နိုင်ငံတကာငွေကြေးစျေးကွက်မှာ အရောင်းအဝယ်လုပ်နေကြသူတွေဟာ ဒေသခံတွေကိုရှယ်ယာထည့်ဖို့ ဆင့်ပွားစနစ်နဲ့ အဆင့်ဆင့်စည်းရုံးနေကြတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အနည်းဆုံး ကျပ်ဆယ်သိန်းကစလို့ ရှယ်ယာထည့်ထားရင် လစဥ် ကိုယ်ထည့်ဝင်တဲ့ငွေရဲ့ ၁၅ ရာခိုင်နှုန်း အမြတ်ငွေပြန်ရမယ်ဆိုတဲ့မက်လုံးကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းကစလို့ ငွေကျပ်သိန်းဆယ်ဂဏန်းကနေ ထောင်ဂဏန်းအထိ ထည့်ဝင်နေကြတယ်လို့ စုံစမ်းသိရပါတယ်။

ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တွေက ညင်းထွေး၊ ဇီကျ၊ မောင်မယ်‌ရှောင်၊ ဇဟာ၊ ပုလုကုန်း စတဲ့ရွာတွေမှာတော့ အွန်လိုင်းကအပြင် လူကိုယ်တိုင်ပါ လိုက်လံစည်းရုံးပြီး ဖိတ်ခေါ်တာတွေရှိနေတယ်လို့ ရွာခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ဒီဘက်က ရွာတွေတစ်ကြောလုံးပဲ။ ဘာမှလုပ်စရာမလိုဘဲ ပိုက်ဆံရတဲ့အလုပ်ရှိတယ်။ စိတ်ဝင်စားရင်ဆက်သွယ်ပါ အဲလိုတွေရေးပြီးလိုင်းပေါ်မှာ ပိုက်ဆံပုံတွေနဲ့ တင်တယ်။ အပြင်မှာလည်း လူကိုယ်တိုင်လိုက်ပြောတယ်။ ရွာခံတွေပဲ မျက်နှာသိတွေပဲ” လို့ ဇဟာရွာခံတစ်ဦးက ပြောပါတယ်။

အခုလို အွန်လိုင်းကရော အပြင်မှာပါလိုက်လံစည်းရုံးနေသူတွေဟာ တဆင့်ခံဦးဆောင်သူ (Leader) ဆိုသူတွေဖြစ်ပြီး ထည့်ဝင်သူများလေ သူတို့အတွက် အကျိုးအမြတ်များလေဖြစ်တယ်လို့ ဆင့်ပွားစျေးကွက်စီးပွားရေးပုံစံ(MLM) နဲ့ပတ်သက်ပြီးနားလည်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခုက ဘာစျေးမှ‌ရောင်းစရာမလိုဘူး။ ဒါပေမဲ့ MLM ပုံစံပဲ။ ပိုက်ဆံထည့်ခိုင်းထားတယ်။ အဲကနေ အမြတ်ဆိုပြီးရတယ်။ များများထည့်ရင် များများရမယ်ပေါ့။ သိရသလောက် လောလောဆယ်တော့ တကယ်လည်းရနေသေးတယ်။ ဘယ်အချိန်လိမ်ပြေးမလဲမသိဘူး” လို့ သူကပြောပါတယ်။

တနင်္သာရီတိုင်းမ်နဲ့ အဆက်အသွယ်ရရှိခဲ့တဲ့ ငွေကြေးထည့်ဝင်ထားသူတစ်ဦးက လုပ်ငန်းအကြောင်းအတိအကျမသိရပေမဲ့ သူထည့်ထားတဲ့ငွေအတွက် ၁၅ ရာခိုင်နှုန်းအမြတ်ငွေကို KBZ Pay ကနေတစ်ဆင့် ပြန်ရနေတယ်လို့ ပြောပါတယ်။

ထားဝယ်ဒေသခံတွေ သိထားကြတာကတော့ ဒေါက်တာညီညီဆွေ ဦးဆောင်တဲ့ Forex Trading ခေါ်ကြတဲ့ လုပ်ငန်းဖြစ်ပါတယ်။

အဲဒီလုပ်ငန်းဟာ တရားဝင် ကုမ္ပဏီနာမည်၊ လူမှုကွန်ရက် စာမျက်နှာတွေ ဖွင့်လှစ်ထားတာမျိုးမရှိဘဲ လုပ်ငန်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားကြောင်း ဆက်သွယ်လာတဲ့သူတွေကို တယ်လီဂရမ် group၊ မက်စင်ဂျာ groupတွေထဲကို ထည့်ပေးတာဖြစ်ပါတယ်။

အဲဒီ group တွေထဲမှာတော့ ငွေထည့်ဝင်ရမယ့်ပုံစံ၊ အမြတ်ငွေရရှိတဲ့ပုံစံအပြင် ငွေကြေးထည့်ဝင်ထားလို့ အကျိုးအမြတ်ရနေကြောင်း ဝေမျှနေတဲ့ရုပ်သံဖိုင်တွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့တဲ့ ရုပ်သံဖိုင်တွေ၊ ဓာတ်ပုံတွေကို ဖော်ပြထားပါတယ်။

တနင်္သာရီတိုင်းမ်ရဲ့ စုံစမ်းမေးမြန်းချက်တွေအရ ထားဝယ်ဒေသတစ်ခုတည်းမှာ အဲဒီလုပ်ငန်းကို ငွေထည့်ဝင်ထားကြသူဦးရေ သုံးထောင်ကျော်ရှိနေပြီး ငွေပမာဏကတော့ ကျပ်သိန်းထောင်နဲ့ချီရှိနေတယ်လို့ သိရပါတယ်။

ငွေထည့်ဝင်သူတွေဟာ ၇ လ ကြာတဲ့အထိ အမြတ်ငွေ ၁၅ ရာခိုင်နှုန်းကို ပြန်ရမှာဖြစ်ပြီး တစ်နှစ်ပြည့်ရင် အရင်းငွေပြန်ရမယ်လို့ အဆင့်ဆင့်ဦးဆောင်သူတွေက ဒေသခံတွေကို ပြောဆိုထားကြပါတယ်။

ထားဝယ်ဒေသခံ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးကတော့ အဲဒီလိုလုပ်ငန်းတွေဟာ အာမခံချက်မရှိတဲ့လုပ်ငန်းဖြစ်တဲ့အတွက် ဒေသခံ‌တွေကြားမှာ ပျံ့နှံ့နေတာက စိုးရိမ်စရာရှိတယ်လို့ ဆိုပါတယ်။

“အိမ်ပေါင်မြေပေါင်အထိ ဖြစ်နေကြတယ်။ ပုလုကုန်းရွာမှာတစ်ယောက်ဆိုရင် သိပ်မကြာသေးဘူး သိန်းတစ်ရာထည့်လိုက်တယ်တဲ့။ နောက်ပိုင်းကျရင် ပျောက်သွားမှာပဲလေ။ ဘာအာမခံချက်မှမရှိဘူးဆိုတာ သေချာနေတာပဲ။ ကိုယ့်အသိတွေလည်းလိမ်ခံရဖူးလို့ သိတာပါ။ အဲဒီအချိန်ဆို ဘာမှမလုပ်နိုင်တော့ဘူး” လို့ အဲဒီအမျိုးသမီးက ဆိုပါတယ်။

ငွေကြေး ထည့်ဝင်နေကြတဲ့သူတွေအများစုဟာ အသက်လတ်ပိုင်းနဲ့ အသက်ကြီးပိုင်းအရွယ်တွေဖြစ်ပြီး စတော့ရှယ်ယာနဲ့ သူတို့ထည့်ဝင်ထားတဲ့လုပ်ငန်း အကြောင်းကိုလည်း တိတိကျကျမသိသူတွေဖြစ်တယ်လို့ ထားဝယ်မြို့ခံတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းကလည်း Capital FX Myanmar ဆိုတဲ့ စတော့ရှယ်ယာနဲ့ ငွေကြေးTreading အမည်ခံ ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံမှာရှိတဲ့ လူပေါင်းသုံးသောင်းကျော်ဆီကနေ ငွေကျပ်ဘီလီယံနဲ့ချီပြီး လိမ်လည်ထွက်ပြေးသွားတဲ့ဖြစ်စဥ် ရှိခဲ့ပါတယ်။

အဲဒီအချိန်က ရှယ်ယာငွေတစ်လထည့်ထားရင် အတိုးအမြတ် ၁၀ ရာခိုင်နှုန်း၊ ၃ လထည့်ထားရင် ၁၂ ရာခိုင်နှုန်းနဲ့ ၆ လစာရှယ်ယာထည့်ဝင်ထားရင် ၁၅ ရာခိုင်နှုန်း ရရှိမယ်လို့ ဆွဲဆောင်ပြီး အစောပိုင်းမှာ အမြတ်ငွေတွေထုတ်ပေးခဲ့ပေမဲ့ နောက်ပိုင်းမှာ အတိုးရောအရင်းပါ မရတော့တာဖြစ်ပါတယ်။

Capital FX Myanmar ကုမ္ပဏီဟာ ရန်ကုန်အပါအဝင် ပြည်တွင်းက နေရာတချို့မှာ ရုံးခန်းတွေဖွင့်လှစ်ခဲ့ပေမဲ့ လိမ်လည်ထွက်ပြေးသွားချိန်မှာတော့ ဦးဆောင်သူတွေ အားလုံးဆက်သွယ်လို့ မရတော့ဘဲ လိမ်လည်တိမ်းရှောင်သွားတယ်လို့ ပြည်တွင်းသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Capital FX Myanmar ဆိုတဲ့ လုပ်ငန်းအပြင် မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ ငွေကြေးမြောက်များစွာလိမ်လည်ခဲ့ဖူးတဲ့ အလားသဏ္ဍာန်တူကုမ္ပဏီတွေလည်းရှိခဲ့ပါတယ်။

The Tanintharyi Times