စစ်ကောင်စီအောက်ကနေ ခွဲထွက်မယ်လို့ သတင်းထွက်နေတဲ့ BGFခေါင်းဆောင်တချို့နဲ့ ဒုတပ်ချုပ်တွေ့
စစ်ကောင်စီအောက်ကနေ ခွဲထွက်မယ်လို့ သတင်းထွက်နေတဲ့ BGFခေါင်းဆောင်တချို့နဲ့ ဒုတပ်ချုပ်တွေ့
ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဟာ စစ်ကောင်စီ လက်အောက်ကနေ ခွဲထွက်မယ်လို့ သတင်းတွေထွက်ပေါ်လာပြီးနောက် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက BGF ခေါင်းဆောင်တချို့နဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
BGF တပ်ဖွဲ့အနေနဲ့ သီးခြားရပ်တည်ကာ စစ်ကောင်စီဆီကနေ လစာနဲ့ တခြား အကျိုးခံစားခွင့်တွေကို မယူတော့ဘူးလို့ ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Thai PBS North က ပြီးခဲ့တဲ့ရက်ကပဲ သတင်းဖော်ပြခဲ့ပါတယ်။ အဲ့ဒီနောက်မှာ စစ် ကောင်စီ ဒုခေါင်းဆောင်ဟာ ဘားအံကို စစ် ရဟတ်ယာဉ်နဲ့ မနေ့ကမနက်ပိုင်းမှာ ရောက်လာပြီး BGF ခေါင်းဆောင်တချို့နဲ့ တွေ့ဆုံခဲ့တာပဲ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်က BGF ခေါင်းဆောင်ကို နေပြည်တော်မှာ လာရောက်တွေ့ဆုံဖို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ကရင်ပြည်နယ် စစ်ကောင်စီ ဥက္ကဌ ဦးစိုးမြင့်ဦးတို့ကို မှာကြားကာသွားရောက်တွေ့ဆုံခိုင်းခဲ့ပေမဲ့ ဗိုလ်မှူးကြီး စောချစ်သူအနေနဲ့ BGF တပ်ဖွဲ့ဟာ သီးခြားရပ်တည်သွားမှာဖြစ်ကြောင်း၊ မည်သည့်ဘက်မှ ဘက်မလိုက်ဘဲ ကရင်ပြည်နယ် ငြိမ်းချမ်းရေးကိုသာ လုပ်ဆောင်သွားမယ်လို့ ပြန်လည်ပြောဆိုခဲ့ကြောင်း ထိုင်းသတင်းမှာ ရေးသားထားပါတယ်။
“ထိုင်း-မြန်မာ နယ်စပ် မြဝတီ-ရွှေကုက္ကိုလ်ဒေသမှာလည်း ကျားဖြန့်လုပ်ငန်းတွေကို ဖြိုခွင်းဖို့ ထိုင်းစစ်တပ်က စစ်ခေါင်းဆောင်တွေနဲ့ တောက်လျှောက်တွေ့ပြီး တိုက်တွန်းဆွေးနွေးနေတာတွေ ရှိတယ်။ စစ်ကောင်စီက BGF ခေါင်းဆောင် စောချစ်သူတို့ကို ဖိအားပေးလာတာကို လက်မခံလို့ ခွဲထွက်ဖို့ လုပ်လာတာလို့ မြင်ပါတယ်” လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ပြောပါတယ်။
ဒုတပ်ချုပ် စိုးဝင်းလာရောက်တွေ့ဆုံချိန်မှာ BGF ခေါင်းဆောင် စောချစ်သူက မတက်ရောက်ခဲ့ပေမယ့် ယင်းတွေ့ဆုံမှုမှာ စောချစ်သူကို စစ်ကောင်စီဘက်က ရာထူးမြင့်တိုးပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။
အခုလို စစ်ကောင်စီဒုခေါင်းဆောင်ကိုယ်တိုင် လာရောက်တာဟာ စစ်ကောင်စီဘက်က စစ်ရေးနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးအရ ညှိနှိုင်းလုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုပါတယ်။
“ BGF ကသာ စစ်ကောင်စီတပ်ကနေ ခွဲထွက်ပြီး မိခင် KNU/KNLA နဲ့ ပြန်ပေါင်းစည်းမိသွားရင် မြဝတီနယ်စပ်ကုန်သွယ်ရေးစခန်းကို လက်လွှတ်လိုက်ရနိုင်တယ်။ ဒီအချိန်မှာ ချွတ်ခြုံကျနေတဲ့ စစ်ကောင်စီအနေနဲ့ BGF ကို စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးအရ ညှိညှိနှိုင်းနှိုင်း လုပ်လိုက်တာဖြစ်မယ်” လို့ သူက သုံးသပ်ပါတယ်။
BGF တပ်ဖွဲ့ဟာ စစ်ကောင်စီလက်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်မယ်လို့ ပြောဆိုနေပေမယ့် လက်ရှိအချိန်အထိ သူတို့တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွင်းရှိ တိုက်ပွဲဝင်နေတဲ့ စစ်ကောင်စီတပ်နဲ့ အတူတူ ရှိနေဆဲ ဖြစ်ပြီး တော်လှန်ရေးတပ်တွေကို တိုက်ခိုက်နေဆဲဖြစ်တယ်လို့ ကရင်အခြေစိုက် KIC သတင်းက ရေးသားထားပါတယ်။
ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့ကတော့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာပဲ ပိတ်ဆို့အရေးယူမှု ပြုလုပ်ခဲ့ပါတယ်။ BGF ခေါင်းဆောင် စောချစ်သူဟာ ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့အနီးရှိ ရွှေကုက္ကိုလ်မြို့သစ်မှာ ကာစီနိုလောင်းကစားလုပ်ငန်းနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်း၊ လူကုန်ကူးမှုတွေမှာ ပါဝင်နေသူ အဖြစ် ပိတ်ဆို့အရေးယူတာ ဖြစ်တယ်လို့ ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါတို့က ပူးတွဲထုတ် ပြန်ခဲ့ပါတယ်။
ဗိုလ်မှူးကြီး စောချစ်သူဟာ ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ ကရင်အမျိုးသား လွတ်မြာက်ရေး တပ်မတော် (KNLA)ကနေ နှုတ်ထွက်ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) အဖွဲ့ကို ၁၉၉၅ ခုနှစ်မှာ တည်ထောင်ခဲ့ကာ၂၀၁၀ခုနှစ်မှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး နယ်ခြားစောင့်တပ် BGF တပ်အဖြစ် ပြောင်းလဲ ဖွဲ့စည်းခဲ့တာပဲပါတယ်။
The Tanintharyi Times
