လောင်းလုံးမှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် အနီးအနားပတ်ဝန်းကျင်ကိုရှာဖွေစစ်ဆေးတာနဲ့ တောနင်းတာလုပ်ဆောင်နေ
လောင်းလုံးမှာ စစ်ကောင်စီယာဥ်တန်းမိုင်းဆွဲခံရပြီးနောက် အနီးအနားပတ်ဝန်းကျင်ကိုရှာဖွေစစ်ဆေးတာနဲ့ တောနင်းတာလုပ်ဆောင်နေ
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နဲ့ ညင်းမော်ရွာကြားမှာစစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် အနီးအနားဝန်းကျင်ကို ရှာဖွေစစ်ဆေးတာနဲ့ ပတ်ပတ်လည်ကိုတောနင်းတာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေထံကနေသိရပါတယ်။
ဒီနေ့မနက် ၆ နာရီဝန်းကျင်လောက်မှာ လမ်းကင်းတွေချပြီး စစ်ကောင်စီရဲ့ဗီဂိုးကား ၄ စီး အင်အားအပြည့်နဲ့ ညင်းမော်ရွာဘက်ကိုသွားရောက်ချိန် ဒေသအခေါ် ပိုးစားပင်ဆီအုန်း ဆိုတဲ့နေရာမှာ မိုင်းဆွဲခံလိုက်ရပါဖြစ်ပါတယ်။
“ပေါက်ကွဲသံတစ်ချက်က လောင်းလုံးမြို့ပေါ်အထိဟိန်းနေတာပဲ။ ပြီးတော့ သေနတ်ပစ်သံတွေလည်းကြားတယ်။ မိုင်းကြောင့်ထိခိုက်မှုရှိမရှိတော့မကြားရဘူး” လို့ဒေသခံကပြောပါတယ်။
အဲဒီနောက်မှာ အဆိုပါလမ်းပေါ်မှာ ရှာဖွေစစ်ဆေးတာ၊ လမ်းသွားလမ်းလာတွေကိုဖြတ်သန်းသွားလာခွင့်ပိတ်ထားတာမျိုး စျေးကားတချို့ကိုချောဆွဲတာမျိုးကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင်ညင်းမော်ကျေးရွာထိပ်က နေအိမ်တွေကိုလည်း ဝင်ရောက်စစ်ဆေးမေးမြန်းတာတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။
အဲဒီလိုစစ်ဆေးမေးမြန်းနေချိန် လူငယ်အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်ခံရသူရဲ့ပေါင်မှာ ကျည်ဆံထိမှန်ခဲ့ပြီး ဆေးရုံကားနဲ့ထားဝယ်ကို တင်ဆောင်သွားတယ်လို့ ဒေသခံကဆိုပါတယ်။
လက်ရှိအချိန်ထိ စစ်ကောင်စီတပ်သားတွေ ညင်းမော်ရွာနဲ့ ဆီအုန်းတောတဝိုက်မှာအင်အားအပြည့်နဲ့ ရှိနေကြပြီး တောထဲဘက်ကိုလည်း တောနင်းနေကြတယ်လို့သိရပါတယ်။
မနေ့ကညပိုင်းကလည်း လောင်းလုံးမြို့ပေါ်က ဒေသခံအမျိုးသမီး ၄ ဦးနဲ့အမျိုးသား ၂ ဦးတို့ကို စစ်ကောင်စီတပ်သား၊ စရဖနဲ့ ရဲတွေက အကြောင်းမဲ့ဖမ်းဆီးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူတွေဟာ သာမာန်ပြည်သူတွေပဲဖြစ်တယ်လို့ ထားဝယ်ခရိုင်သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
