ထားဝယ်က ဆိုင်ကယ်အဟောင်းဆိုင်တွေမှာ နိုင်ငံခြားထွက်ဖို့လမ်းစရိတ်အတွက် ဆိုင်ကယ်လာရောင်းသူတွေ ပိုများလာ

ထားဝယ်က ဆိုင်ကယ်အဟောင်းဆိုင်တွေမှာ နိုင်ငံခြားထွက်ဖို့လမ်းစရိတ်အတွက် ဆိုင်ကယ်လာရောင်းသူတွေ ပိုများလာ

ဓာတ်ပုံ - ပုံဟောင်းအသုံးပြုထားပါတယ်။

နိုင်ငံခြားထွက်ပြီး အလုပ်လုပ်နိုင်ဖို့ လိုအပ်နေတဲ့ လမ်းစရိတ်အတွက် စီးနေတဲ့ ဆိုင်ကယ်အဟောင်းတွေကို လာရောင်းတဲ့သူတွေ အခုကာလမှာ ပိုများလာတယ်လို့ ထားဝယ်က ဆိုင်ကယ်အဟောင်းဆိုင်တွေကနေ သိရပါတယ်။

ဆိုင်ကယ်အဟောင်း ပြန်လာရောင်းသူတွေ စများလာတာ မေလ အကုန်လောက်ကလို့ သိရပါတယ်။

မေလမတိုင်ခင် ရက်တွေက တစ်လကို ၁၀ စီး ကျော်လောက်သာ လာရောင်းကြပေမဲ့ အခုကာလမှာတော့ လာရောင်းတဲ့အရေအတွက်ဟာ ၃ ဆလောက်အထိ တိုးလာတယ်လို့ သိရပါတယ်။

ဒီအရေအတွက်ဟာ ဆိုင်ကယ်ဆိုင်အငယ်လေးတွေကရတဲ့ အချက်အလက်သာဖြစ်ပြီး ဆိုင်အကြီးတွေမှာတော့ ဒီထက်ပိုများနိုင်တယ်လို့ အရောင်းဆိုင်ရှင်တွေက ပြောပါတယ်။

ဆိုင်ကယ်ဈေးကွက်မှာလည်း အသစ်ထက် အဟောင်းက ပိုအဝယ်လိုက်လာတယ်လို့ ဆိုင်ကယ်အရောင်းဆိုင်တွေထံကနေ သိရပါတယ်။

ကံပေါက်က ဆိုင်ကယ်အရောင်းဆိုင်တစ်ဆိုင်က ” လက်ရှိအနေအထားမှာ အသစ်တွေကလည်း သိပ်မဝယ်နိုင်ကြတော့ဘူး။ ၁၀၀ မှာ ၁၀ ယောက်လောက်ပဲဝယ်နိုင်တော့တာ။ အဟောင်းကျတော့ ရှိတဲ့လူရော မရှိတဲ့လူရော အကုန်ဝယ်နိုင်ကြတယ်လေ ” လို့ ပြောပါတယ်။

ဆိုင်ကယ်လိုင်စင်နဲ့ပတ်သက်ပြီး ပါမစ်ပိတ်ထားတဲ့ အတွက်လည်း ပြည်ပက ဆိုင်ကယ် အသစ်တွေမသွင်းနိုင်တော့တာ တစ်နှစ်လောက်ရှိနေပြီလို့ ထားဝယ်မြို့ပေါ်က ဆိုင်ကယ်အရောင်းဆိုင်တွေထံကနေ သိရပါတယ်။

မနှစ်က အာဏာစသိမ်းပြီးချိန်မှာလည်း ထားဝယ်မြို့ပေါ်က ဆိုင်ကယ်အရောင်းဆိုင်တွေမှာ လိုင်စင်မရှိတဲ့ဆိုင်ကယ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အတင်းအဓမ္မ ဝင်ရောက် သိမ်းယူခဲ့ဖူးပါတယ်။

The Tanintharyi Times