တောင်ပျောက်တိုက်နယ်မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

တောင်ပျောက်တိုက်နယ်မှာ ငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေ

ပုံစာ - တောင်ပျောက်တိုက်နယ်က ငှက်ဖျား‌ရောဂါကုသမှုခံယူနေတဲ့ ဒေသခံတစ်ဦး ဓာတ်ပုံ - တိုက်နယ်ဆေးတာဝန်ခံ

သရက်ချောင်းမြို့နယ်ထဲက စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေတဲ့ တောင်ပျောက်တိုက်နယ်မှာ ဒေသခံတွေငှက်ဖျားရောဂါအဖြစ်များနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ တိုက်နယ်ဆေးတာဝန်ခံက တနင်္သာရီတိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကစကာ နေမကောင်းဖြစ်သူပိုများလာပြီး အဲ့ဒီလထဲမှာတင် ဒေသခံ ၃၀၀ နီးပါးကို ဆေးကုသပေးခဲ့ရပါတယ်။ မေလထဲမှာ ဆိုရင် လူဦးရေ ၅၀၀ ကျော်နဲ့ ဇွန်လထဲမှာ လူဦးရ ၇၀၀ လောက်ထိ ကုသပေးခဲ့ရတယ်လို့လည်း တာဝန်ခံက ပြောပြပါတယ်။

အဲဒီလို ကုသပေးခဲ့သူတွေထဲမှာ ငှက်ဖျားရောဂါ၊ ရိုးရိုးဖျားနာတာ၊ တုပ်ကွေးစတဲ့ အထွေထွေရောဂါတွေနဲ့ လူနာ‌တွေကိုကုသပေးခဲ့ရပြီး အဲဒီထဲကမှ ငှက်ဖျားရောဂါနဲ့ နေမကောင်းဖြစ်သူက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

တိုက်နယ်ဆေးတာဝန်ခံက “လူနာမရှိဘူးဆို ၃၀၀ လောက်ကတော့ တစ်လကိုအနည်းဆုံးရှိတယ်။ ငှက်ဖျားက ဖြစ်ပြီးတဲ့လူပဲ ထပ်ခါထပ်ခါ ထပ်ဖြစ်နေတယ်။ ဘာလို့ဆို ဆေးဝါးအလုံလောက်မရှိလို့။” လို့ ပြောပါတယ်။

ငှက်ဖျားလူနာတွေမှာ အများစုကအမျိုးသားတွေများတယ်လို့ အဆိုပါတာဝန်ခံက ဆက်ပြောပါတယ်။

အဲဒီရောဂါတွေကို ကုသပေးဖို့အတွက် ချောင်းဆိုး၊ နှားစေးပျောက်ဆေးစတဲ့ အခြေခံဆေးဝါးတွေကအစ ငှက်ဖျားကာကွယ်ဆေးတွေအထိ ဆေးဝါးလိုအပ်ချက်တွေရှိနေတယ်လို့ ဆိုပါတယ်။

“သွေးလွန်တုပ်ကွေးစစ်တာလဲ တော်တော်လေးခက်ခဲနေတယ်။ စစ်မယ်ဆို ထွက်ကြမယ်။ ဘာလို့ဆို နေမကောင်းဖြစ်တဲ့သူတော်တော်များနေပြီ။”လို့ တိုက်နယ်ဆေးတာဝန်ခံက ပြောပါတယ်။

သွေးလွန်းတုပ်ကွေးကို ပြီးခဲ့တဲ့နှစ်တွေကတည်းကနေ အခုနှစ်ထိ Hess Test နဲ့ စစ်‌ဆေးပေးနေပြီး ဆေးစစ်တံကလည်းစျေးကြီးလို့ မဝယ်နိုင်ဘူးဖြစ်နေတယ်လို့ အဆိုပါတာဝန်ခံက ဆက်ပြောပြပါတယ်။

တိုက်နယ်ထဲမှာ ကျန်းမာရေးကာကွယ်ကုသမှုအတွက် လိုအပ်နေတာတွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေကင်းစကလေးတွေအတွက် ကာကွယ်ဆေးတွေ လိုအပ်မှုလည်း ရှိနေတယ်လို့ သိရပါတယ်။

တောင်ပျောက်တိုက်နယ်မှာ ရွာ ၉ ရွာရှိပြီး လူဦးရေ ၅၆၈၀ ဦး ရှိတယ်လို့ တိုက်နယ်ဆေးတာဝန်ခံဆီက သိရပါတယ်။ စစ်ကောင်စီတပ်က ဖြတ်လေးဖြတ်လုပ်ပြီး အစားအစားနဲ့ ကုန်ပစ္စည်းဆေးဝါးတွေ သယ်ယူမှုကို တင်းကြပ်ထားတာကြောင့် ရိက္ခာ၊ ဆေးဝါးစတာတွေကို လိုအပ်သလိုသယ်ယူလို့မရဖြစ်နေပြီး ဒေသနေ ပြည်သူတွေခက်ခဲနေကြတာပဲ ဖြစ်ပါတယ်။

The Tanintharyi Times