ထားဝယ်ခရိုင်မှာ အခြေခံစားသောက်ကုန်ပစ္စည်းဆိုင်တွေ ရောင်းအားကျနေ

ထားဝယ်ခရိုင်မှာ အခြေခံစားသောက်ကုန်ပစ္စည်းဆိုင်တွေ ရောင်းအားကျနေ

ပုံစာ - ကုန်စုံဆိုင် တစ်ဆိုင် (ပုံဟောင်း)

လွန်ခဲ့တဲ့လေးလလောက်ကစပြီး ‌ ထားဝယ်မြို့ပေါ် နဲ့ ရေဖြူမြို့နယ်ထဲက အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ ရောင်းအား သိသိသာသာ ထိုးကျလာတယ်လို့ ဆိုင်ရှင်တွေထံက သိရပါတယ်။

” အရင်ကဆိုတစ်နေ့ သိန်းသုံးဆယ်လောက် ဝင်ငွေရှိတယ်။ အခုတော့ နှစ်ဆယ်တောင် သိပ်မပြည့်ချင်ဘူး။ မိုးရွာတဲ့နေ့ဆိုပိုဆိုးတယ် ” လို့ ရေဖြူမြို့နယ်က ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။

အဓိကအားဖြင့် မြို့ပြတွေမှာထက် ရွာတွေမှာ ရောင်းအား ပိုကျနေတာလို့ ဆိုပါတယ်။ ရေဖြူမြို့နယ်ထဲမှာဆိုရင် ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်တာများနေတဲ့ ရွာတွေမှာ ရောင်းအားလုံးဝမရှိသလောက် ဖြစ်နေတယ်လို့ စားသောက်ကုန်အရောင်းဆိုင်ရှင်က ရှင်းပြပါတယ်။

ထားဝယ်ခရိုင်ထဲက ပွဲရုံ ပိုင်ရှင်တချို့ကတော့ ဝယ်အားကျလာတာဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်သူတွေ တဟုန်ထိုးမြင့်တက်လာအပြင် စစ်ပွဲတွေကိုကြောက်လို့ ရှောင်ပြေးနေရတာမို့ တဆင့်ပြန်ရောင်းချတဲ့ ရွာခံဆိုင်တွေ မရောင်းနိုင်တော့တာရယ်၊ စားသုံးသူအများစုက စစ်ရှောင်နေကြတာကြောင့်လို့ သုံးသပ်ပါတယ်။

ထားဝယ်မြို့ပေါ်က ဆိုင်ပိုင်ရှင်တစ်ဦးကတော့ ” ကျန်တဲ့ပစ္စည်းတွေလည်း မကျတာတော့မဟုတ်ဘူး ကျတာပဲ။ အရမ်းလိုအပ်တဲ့အခါမှ ဝယ်တော့တာမျိုး။ ဥပမာ ဆေးဝါးတွေလိုမျိုးပေါ့ ” လို့ ပြောပါတယ်။

ကုန်ပစ္စည်းစျေးနှုန်းတွေတက်လာတာကြောင့် လည်း အစားသောက်တွေကိုလိုတာထက်ပိုမဝယ်တော့ပဲ ခြိုးခြံခြွေတာနေရတဲ့အချက်ကလည်း ရောင်းအားကျလာတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်လာတယ်လို့ ဆိုပါတယ်။

” ရွာတွေမှာက အရင်ကဆိုအလှူတွေသိပ်ပေါတယ်။ ကိုဗစ်လှိုင်းအဆင့်ဆင့်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အလှူတွေမရှိသလောက်ဖြစ်သွားလို့ စျေးရောင်းသိသိသာသာပါးလာတယ် ” လို့ ထားဝယ်မြို့ပေါ်က ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးကလည်း ပြောပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ထားဝယ်နဲ့ ရေဖြူမြို့နယ်အတွင်းမှာ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးနေရသူတွေနဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုတွေကြောင့် ပြည်ပကိုထွက်ပြီး အလုပ်လုပ်သူ ပိုများလာသလို၊ ဓားမြမှုနဲ့ လူသတ်မှုတွေကလည်း နယ်မြေလုံခြုံမှုနဲ့ ဒေသခံတွေကို ခြိမ်းခြောက်လျက်ရှိနေပါတယ်။

The Tanintharyi Times