“တစ်ဖွဲ့ကောင်းလုပ်လို့ မရတော့ဘူးပေါ့နော်။ အားလုံးပေါင်းကို ပေါင်းရမယ့်အခြေအနေ ဖြစ်နေတယ်”
“တစ်ဖွဲ့ကောင်းလုပ်လို့ မရတော့ဘူးပေါ့နော်။ အားလုံးပေါင်းကို ပေါင်းရမယ့်အခြေအနေ ဖြစ်နေတယ်”

မွန်၊ ကရင်၊ ထားဝယ်တပ်ဖွဲ့တွေ စစ်ရေးပူးပေါင်းမှုနဲ့ ပတ်သက်ပြီး ဒေါန စစ်ကြောင်း ၃ စစ်ကြောင်းမှူးနဲ့အင်တာဗျူး
မြန်မာပြည်တောင်ပိုင်းမှာရှိတဲ့ မွန်၊ ကရင်၊ ထားဝယ်က တပ်ရင်းနဲ့ တပ်ဖွဲ့ခြောက်ခု စစ်ရေးအရ မဟာမိတ်အဖြစ် ပူးပေါင်းမယ်လို့ ပြီးခဲ့တဲ့မြန်မာနှစ်ဆန်းတစ်ရက်မှာ သဘောတူခဲ့ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။
ပူးပေါင်းခဲ့တဲ့အဖွဲ့တွေဟာ မွန်နဲ့ တနင်္သာရီဒေသတစ်ဝိုက်မှာ အဓိကလှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီ (AD)၊ KNU တပ်မဟာ ၆ တပ်ရင်း ၂၇၊ ဒေါနစစ်ကြောင်း(၃)က တပ်ခွဲသုံးခု၊ မွန်ပြည်တော်လှန်ရေးတပ် MSRF၊ ABSDFတပ်ရင်း ၁၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA တို့ပဲဖြစ်ပါတယ်။
ဒီတော်လှန်ရေးအဖွဲ့ ၆ ဖွဲ့ရဲ့ မဟာမိတ် သဘောတူညီချက်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ ဒေါနစစ်ကြောင်း ၃ ရဲ့ စစ်ကြောင်းမှူး ကိုအောင်ပန်းကို တနင်္သာရီတိုင်းမ်က ဆက်သွယ်မေးမြန်းထားပါတယ်။
မေး – မွန်၊ ကရင်၊ ထားဝယ်က တပ်ဖွဲ့တွေ ဘယ်လိုပူးပေါင်းဖို့ဖြစ်လာတာပါလဲ။ ဘယ်လိုမျိုးရည်ရွယ်ချက်တွေနဲ့ ပူးပေါင်းဖြစ်ခဲ့တာလဲ။
ဖြေ – အဓိကကတော့ ကျနော်တို့အနေနဲ့ ပေါင်းစည်းမှုကို အချိန်တစ်ခုယူပြီးကြိုးစားယူခဲ့တယ်။ ERO တွေနဲ့ရော တခြားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ရော၊ Local တွေရောပေါ့။ အခုဖြစ်နေတဲ့အခြေအနေမှာ တစ်ဦးကောင်း၊ တစ်ဖွဲ့ကောင်းလုပ်လို့မရတော့ဘူးပေါ့နော်။ အားလုံးပေါင်းစည်းရမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးပေါင်းကိုပေါင်းရမယ့်အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် အခုလိုတွေ့ပြီးဆွေးနွေးကြတော့ ကနဦးဆွေးနွေးမှုရဲ့ ရလဒ်ကတော့ တကယ်ကောင်းတယ်လို့ ပြောနိုင်တာပေါ့။
မေး – ပူးပေါင်းကြောင်းထုတ်ပြန်ချက်မှာ ရေဖြူမြို့နယ်ကို ဝင်ရောက်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ထိထိရောက်ရောက် ဟန့်တားနိုင်ဖို့ရည်ရွယ်ပြီး ဆွေးနွေးတယ်ဆိုတယ်လို့ဆိုထားတယ်။ အဲဒီအခြေအနေကိုလည်း ပြောပြပေးပါဦး။
ဖြေ – ကျနော်တို့စစ်ရေးကို ဒီထက်အရှိန်မြင့်လုပ်ဆောင်ချင်လို့ပေါ့နော်။ ပြီးတော့ ကျနော်တို့ အဓိကလှုပ်ရှားနေတဲ့ ရေဖြူမြို့နယ်ပေါ့။ ရေဖြူမြို့နယ်မှာ စစ်ကောင်စီရဲ့အကျိုးစီးပွားတွေများတော့ သူတို့ဖိအားကောင်းကောင်း ပေးထားလိမ့်မယ်။ ဒီအတွက်ကို ကိုယ့်လူမျိုးတစ်မျိုးတည်းအတွက်မဟုတ်ဘဲ တိုင်းရင်းသားအားလုံးအတွက်အလုပ်လုပ်မယ်ဆိုပြီး ပေါင်းစည်းတာပါ။
မေး – ရေဖြူလို့ပြောရင် အဲဒီဒေသက ရုရှားနဲ့ပေါင်းပြီး အကောင်အထည်ဖော်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်ရှိတဲ့ ဒေသလည်းဖြစ်တယ်ပေါ့နော်။ အဲဒီစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ရော ဆွေးနွေးဖြစ်တာရှိပါလား။ အဲဒါကိုပူးပေါင်းဟန့်တားဖို့၊ ကာကွယ်ဖို့ဆိုတာမျိုးတွေပေါ့။
ဖြေ – အဲဒီအထူးစီးပွားရေးဇုန်ကိစ္စကိုတော့ ကျနော်တို့သီးခြားဆွေးနွေးမှုလုပ်ရပါမယ်။ ခုနကဆွေးနွေးမှုတွေက အဆုံးတော့မသတ်သေးဘူးပေါ့နော်။ အားလုံးပူးပေါင်းပြီး အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းနဲ့ပတ်သက်တဲ့ စစ်ရေးအစီအစဥ်ကိုဆွဲမယ်။ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ အဟန့်အတားဘယ်လိုလုပ်မှာလဲ၊ ဘယ်လိုထိရောက်အောင်လုပ်မလဲပေါ့။ ဒီစီးပွားရေးဇုန် အထမမြောက်အောင် ဘယ်လိုတွေလုပ်မလဲဆိုတာကိုပေါ့။
မေး – အခုလို ကရင်၊ မွန်၊ ထားဝယ်က တပ်ဖွဲ့တွေ စစ်ရေးမဟာမိတ်အဖြစ် ပူးပေါင်းတာမျိုး စစ်အာဏာသိမ်းပြီးနောက်မှာ ရှိဖူးပါလား။
ဖြေ – အရင်ကတည်းကတော့ ကြိုးစားခဲ့တယ်။ အချိန်တော်တော်ကြာပြီ၊ ဒီအခြေအနေရောက်အောင် တော်တော်လေးလည်းကြိုးစားခဲ့တယ်။ အဓိကကတော့ပေါင်းစည်းမှုကို လိုချင်လို့ပေါ့။ အရင်အချိန်တွေက ဖုန်းနဲ့ဖြစ်ဖြစ်ဆက်သွယ်တယ်၊ အွန်လိုင်းကဆက်သွယ်တယ် အဲလောက်ပဲရှိခဲ့တယ်။ မျက်နှာချင်းဆိုင်မြေပြင်မှာတွေ့ဖို့ဆိုတာ တော်တော်ခက်ခဲတယ်။ အခုကတော့ မြေပြင်မှာဆွေးနွေးတာပေါ့။ အခုဆွေးနွေးတဲ့အချိန်မှာလည်း အားလုံးကရည်မှန်းချက်တစ်မျိုးတည်းနဲ့ပဲသွားတော့ အဆင်ပြေတယ်လို့ပြောလို့ရတယ်။
မေး – အခုပူးပေါင်းအဖွဲ့တွေက မွန်နဲ့တနင်္သာရီအစပ်က အဖွဲ့တွေဖြစ်တော့ အဲဒီနေရာတစ်ဝိုက်မှာ အဓိကလှုပ်ရှားမယ်လို့ ကျနော်တို့ နားလည်ရတယ်ပေါ့နော်။ မွန်၊ ကရင်၊ တနင်္သာရီမှာရှိတဲ့ တခြားမြို့နယ် ဒေသတွေက တခြားအဖွဲ့တွေနဲ့ ပူးပေါင်းမှုတွေလုပ်ဆောင်ဖို့ရှိပါသလား။
ဖြေ – အခုရှိနေတဲ့အဖွဲ့တွေကတော့ ပူးပေါင်းဆောင်ရွက်မှု ဒီထက်အားကောင်းအောင်ကြိုးစားမယ်၊ လုပ်ကြမယ်၊ အကောင်အထည်ဖော်မယ်။ မပေါင်းစည်းသေးတဲ့အဖွဲ့တွေကိုလည်း ပါဝင်လာအောင် လက်ခံမယ်ကြိုဆိုမယ်။ ပေါင်းစည်းမှပဲရမှာ။ ကျနော်တို့လောက်ပဲပေါင်းစည်းလို့လည်း မရဘူး။ ရေဖြူမြို့ နယ်ဆိုတာတောင် နယ်မြေကအကျယ်ကြီးပဲ။ လက်ရှိကတော့ နဘုလယ်ဘက်မှာ တပ်ပေါင်းစုတွေရှိတယ်၊ မဟာမိတ်အဖွဲ့တွေရှိတယ်။ ဒီအဖွဲ့တွေနဲ့လည်း ချိတ်ဆက်မှုရှိတယ်။ တကယ်စစ်ရေးဖော်ဆောင်ရင် ထိရောက်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အကုန်ဆက်စပ်နေတော့ မွန်ဘက်ကလိုအပ်လာရင်လည်းကူရမှာပဲ၊ တနင်္သာရီတိုင်ကလိုအပ်လာရင်လည်းကူပေါ့။ ဒီပုံစံအတိုင်းပဲသွားရမှာပဲ။ လိုအပ်တဲ့နေရာမှာလုပ်ဆောင်ဖို့ပေါ့။ မြို့နယ်အဆင့်ထက် ခရိုင်အဆင့်တိုင်းအဆင့်အထိသွားချင်တာပေါ့။ လက်ရှိကတော့ တစ်ဆင့်ပြီးတစ်ဆင့် ပုံမှန်သွားမှပဲရမှာပေါ့လေ။ ညီညွတ်မှုကိုတော့ အဓိကဦးစားပေးလုပ်ထားတယ်။
မေး – ပူးပေါင်းပြီးနောက်ပိုင်းမှာ စစ်ရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဆောင်နေတာရှိပါလဲ။
ဖြေ – ပူးပေါင်းပြီးနောက် ရေဖြူ၊ မင်းသားရွာတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တယ်။ လက်ရှိလည်း စစ်ရေးတင်းမာနေပါတယ်။ အဲဒီတစ်ဝိုက် စစ်ရေးလှုပ်ရှားမှုတွေကိုလည်း မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ပူးပေါင်းလုပ်ဆောင်နေတာပေါ့။ အဲဒီမှာတော့ ပူးပေါင်းအဖွဲ့က ပွဲဦးထွက်အနေနဲ့ ညီညီညွတ်ညွတ်လုပ်နိုင်တယ်လို့ ပြောရမှာပေါ့နော်။
မေး – အကိုတို့အဓိကလှုပ်ရှားတဲ့နေရာတွေမှာ စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုကရော ဘယ်လိုရှိပါလဲ။
ဖြေ – စစ်ကောင်စီက လှုပ်ရှားမှုကတော့ တော်တော်လေးစိပ်လာတယ်။ လေကြောင်းကိုအဓိကထားသုံးလာတာတွေ့တယ်။ ပြီးတော့ ရေဖြူမှာ အင်အားကိုတော်တော်လေးသုံးလာတာတွေ့တယ်။ ဟိုတစ်နေ့က သူတို့အထိနာတော့ စစ်ကြောင်းကိုသုံးကြောင်းလောက်နဲ့ ထိုးနေတယ်။ ကျနော်တို့ဘက်ကလည်း တက်နိုင်သလောက် အကောင်းဆုံးဖြစ်အောင်လုပ်နေတယ်။ စစ်တပ်ကတော့ ဘယ်နေရာပဲဖြစ်ဖြစ် တော်လှန်ရေးတပ်က နယ်မြေစိုးမိုးထားတယ်၊ အားကောင်းတယ်ဆိုရင် နယ်မြေပြန်ရအောင်တော့လုပ်မှာပဲပေါ့။ ကျနော်တို့ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်ရမှာပေါ့။ သူတို့ကတော့ ဒရုန်းနည်းပညာတွေ တော်တော်အဆင့်မြင့်လာတာကိုလည်းတွေ့ရတယ်။ စစ်ပွဲတွေမှာ အရင်ကထက်ပိုသတိထားရမယ့် အခြေအနေတွေဖြစ်နေတယ်။
မေး – အခုလိုပူးပေါင်းတဲ့လုပ်ဆောင်ချက်အပေါ်မှာ ဒေသခံတွေ ပြည်သူတွေက ကျေနပ်အားရနေကြတာကို တွေ့ရတယ်။ အကိုအနေနဲ့ရော ပြည်သူတွေကို ဘာများပြောချင်ပါလဲ။
ဖြေ – အခုလိုစုဖွဲ့မှုအားကောင်းအောင်လုပ်ဆောင်နေတာတွေဟာလည်း တော်လှန်ရေးအောင်မြင်အောင် ကြိုးစားနေတာဆိုတာကိုသိစေချင်တယ်။ ကျနော်တို့က ပြည်သူကပေးကမ်းတာကို ဒီအတိုင်း အိပ်လိုက်စားလိုက်မနေနေဘဲ နည်းပညာပဲဖြစ်ဖြစ် စစ်ရေးပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်နေကြတယ် ဆိုတာကိုလည်း ပြောချင်ပါတယ်။ ပြည်သူကို အခုအချိန်မှာ အပြည့်အဝ ကာကွယ်မပေးနိုင်သေးပေမဲ့ ကာကွယ်နိုင်တဲ့အခြေအနေအထိ အဆင့်ထိရောက်အောင်သွားနေပါတယ်လို့ ပြောချင်ပါတယ်။
The Tanintharyi Times