ထားဝယ်မြို့အဝင်ဂိတ်တွေမှာ လူငယ်တချို့ကိုဖမ်းဆီးပြီး တပ်သားသစ်စုဆောင်း

ထားဝယ်မြို့အဝင်ဂိတ်တွေမှာ လူငယ်တချို့ကိုဖမ်းဆီးပြီး တပ်သားသစ်စုဆောင်း

ထားဝယ်မြို့အဝင်အထွက်ကို စစ်ဆေးနေတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွေမှာ ဖြတ်သန်းသွားတဲ့လူငယ်တချို့ကို ဖမ်းဆီးပြီး စစ်မှုထမ်းသင်တန်း ပို့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အခုလ ၄ ရက်နေ့က ‌ထားဝယ်မြို့အဝင် ဗျောတောဝ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဖြတ်တဲ့ အသက် ၂၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်ကဖမ်းဆီးပြီး စစ်မှုထမ်းဖို့ခေါ်ယူခဲ့ပါတယ်။

ဖမ်းဆီးခံရသူဟာ ထားဝယ်မြို့ပေါ်မှာစစ်ဘေးရှောင်နေတဲ့ သရက်ချောင်းမြို့နယ်၊ ရငဲကျေးရွာခံဖြစ်ပြီး အဲဒီနေ့မှာပဲ သူ့ကို စစ်မှုထမ်းစုဆောင်းတဲ့ ထားဝယ်မြို့ပေါ်က စုပေါင်းရုံးကို ပို့ဆောင်လိုက်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။

“ဖမ်းပြီးတော့ ထားဝယ်စုပေါင်းရုံးကိုပို့လိုက်တယ်။ ပြန်ထုတ်လို့မရ‌တော့ဘူး။ ရပ်ကွက်လူကြီးကလည်း သူထုတ်လို့မရဘူးတဲ့” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

သူ့ကို ထားဝယ်စုပေါင်းရုံးကတဆင့် မြိတ်မြို့နယ်၊ ရွှေဒူးရွာအခြေစိုက် တိုက်ခိုက်ရေးနှင့် စည်းရုံးရေးသင်တန်းကျောင်း (တိုက်/စည်း) ကျောင်းကိုပို့ဆောင်ခဲ့ပြီး အခုလ ၁၆ ရက်နေ့မှာတော့ ပလောက်မြို့အခြေစိုက် အမှတ်(၁၂) တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းကို ခေါ်ဆောင်သွားတယ်လို့ နီးစပ်သူရဲ့ပြောပြချက်အရ သိရပါတယ်။

အခုလ ၄ ရက်နေ့မှာပဲ ထားဝယ်မြို့ အဝင်က ကမြောကင်းတံတားစစ်ဆေးဂိတ်ကို ဖြတ်ပြီး ရွာကိုပြန်တဲ့ မောင်းမကန်ဒေသခံ လူငယ်အမျိုးသားသုံးဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်မှုထမ်းပို့ဆောင်ခဲ့ပါတယ်။

အဲဒီလူငယ်သုံးဦးဟာ ငါးဖမ်းလှေလိုက်ရာကအပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး မိသားစုဝင်တွေက ဖမ်းဆီးခဲ့တဲ့ဂိတ်မှာ သွားရောက်စုံစမ်း မေးမြန်းခဲ့ပေမဲ့ စစ်ကောင်စီတပ်သားတွေက သူတို့ဖမ်းဆီးတာမရှိဘူးလို့ ငြင်းဆိုတယ်လို့ နီးစပ်သူတွေရဲ့ပြောပြချက်အရ သိရပါတယ်။

စစ်‌ကောင်စီဟာ အခုလ ၁၇ ရက်နေ့က တစ်နိုင်ငံလုံးမှာရှိတဲ့ စစ်မှုထမ်းသင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဥ် (၁၁) ကိုဖွင့်လှစ်ပြီး သင်တန်းပေးနေပါတယ်။

မြို့အဝင်ဂိတ်တွေအခုလိုဖမ်းဆီးတာတွေအပြင် နည်းပညာအသုံးပြုပြီး မှတ်ပုံတင်နံပါဒ်တွေနဲ့တကွစစ်ဆေးတာတွေကြောင့် မြို့ခံတွေကြားမှာတော့ စိုးရိမ်နေကြတယ်လို့ ကာယကံရှင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစလို့ မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းမိသူတွေကိုလည်း နှစ်နှစ်စစ်မှုထမ်းရင် မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ချတာကိုကင်းလွတ်ခွင့်ပေးမယ်လို့ မက်လုံးပေးပြီး တပ်သားသစ်စုဆောင်းတာကိုလည်း တနင်္သာရီတိုင်းအတွင်းမှာ လုပ်ဆောင်နေပါတယ်။

The Tanintharyi Times