မောင်မယ်ရှောင်ရွာက လူငယ်တစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီး ငါးရက်ကြာတဲ့အထိသတင်းအစအနမရ
မောင်မယ်ရှောင်ရွာက လူငယ်တစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီး ငါးရက်ကြာတဲ့အထိသတင်းအစအနမရ
ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာက လူငယ်တစ်ဦးကိုစစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးသွားပြီးနောက် ငါးရက်ကျော်ကြာတဲ့အထိ သတင်းအစမရဘူးလို့ ဒေသခံတွေကပြောပါတယ်။
မောင်မယ်ရှောင်ရွာထဲမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ အခုလ ၂၅ ရက်နေ့မှာ ရွာထဲကဒေသခံ သုံးဦးထက်မနည်းကို ဖမ်ဆီးစစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် ဖမ်းဆီးစစ်ဆေးခံရတဲ့သူတွေပြန်လွှတ်ပေးခဲ့ပေမဲ့ အသက် ၂၅ နှစ်ဝန်းကျင်အရွယ် ကိုဇော်ဇော်ကိုတော့ စစ်ကောင်စီတပ်က လက်ပြန်ကြိုးချည်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
“ဖုန်းထဲမှာ နိုင်ငံရေးနဲ့ပတ်သက်တာတွေရှိလို့ဆိုပြီးဖမ်းသွားတာတဲ့။ ပြီးတော့ ဘာအစအနမှ မကြားရတော့ဘူး။ ရွာထဲလည်းလူကမရှိတော့ သေချာမသိကြဘူး” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲဒီလူငယ်အမျိုးသားကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးပြီးနောက် သတ်ဖြတ်လိုက်ပြီလို့ သတင်းတွေထွက်ပေါ်နေပေမဲ့ အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။
စစ်ကောင်စီတပ်သားတွေရွာထဲမှာ တပ်စွဲထားချိန်က အသက် ၆၀ ကျော်အမျိုးသားတွေအပါအဝင် အရပ်သားသုံးဦးခန့်ကိုလည်း အပြင်းအထန်ရိုက်နှက်ခဲ့ကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
“ရွာထဲမှာကသိပ်မပြေးနိုင်တဲ့ လူကြီးတချို့ပဲကျန်တာ။ ကျမတို့အိမ်မှာလည်း မွှေထားတာရစရာမရှိတော့ဘူး။ လူအများစုက ရွာထဲကိုတောင် ဖြတ်မသွားရဲကြတော့ဘူး” လို့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။
အဲဒီစစ်ကောင်စီတပ်သားတွေဟာ တပ်စွဲထားတဲ့အချိန်က လမ်းသွားလမ်းလာအမျိုးသားတစ်ဦးကိုလည်း သေနတ်နဲ့လိုက်လံပစ်ခတ်ခဲ့ပေမဲ့ အဲဒီအမျိုးသားကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတွေကဆိုပါတယ်။
မောင်မယ်ရှောင်ရွာက ရွာခံအများစုကတော့ စစ်ကောင်စီစစ်ကြောင်းတွေ မကြာခဏဝင်ရောက်တပ်စွဲနေတာကြောင့် နေအိမ်တွေကိုစွန့်ခွာပြီး တခြားနေရာတွေမှာ ပြောင်းရွေ့နေထိုင်နေကြပါတယ်။
ရွာခံတွေစစ်ဘေးရှောင်နေရချိန် တစ်ရွာလုံးကိုမွှေနှောက်ဖမ်းဆီးပြီး ဆိုင်ကယ်၊ ရွှေငွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေယူဆောင်သွားသလို အခုလ ၂၆ ရက်နေ့ကလည်း နေအိမ်လေးဆောင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
အခုလ ၂၈ ရက်နေ့မှာတော့ ရွာထဲမှာငါးရက်အကြာတပ်စွဲခဲ့တဲ့ စစ်ကောင်စီတပ်သား အင်အား ၇၀ ဝန်းကျင်ဟာ ရေဖြူမြို့နယ် ကျောက်ကညာကျေးရွာဘက်ကို ထွက်ခွာသွားတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းကဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းအစအနမရဘဲ ပျောက်ဆုံးသွားတဲ့ဖြစ်စဥ်တွေဟာ တနင်္သာရီတိုင်းအတွင်းက မြို့နယ်အများစုမှာရှိခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ဇွန်လအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေလက်ချက်နဲ့ တနင်္သာရီတိုင်းအတွင်းက အရပ်သား ၄၀ ကျော်ကိုဖမ်းဆီးခံခဲ့ရပါတယ်။
The Tanintharyi Times