မြန်မာ့အရေး ဟွန်ဆန် လက်လျှော့ပြီ
မြန်မာ့အရေး ဟွန်ဆန် လက်လျှော့ပြီ
မြန်မာ့နိုင်ငံရေး ပြဿနာအား အဖြေရှာရန် ၎င်း၏ ကြိုးပမ်းအားထုတ်မှုကို လက်မြှောက် အလျှော့ပေးလိုက်ပြီဖြစ်ကြောင်း အာဆီယံ၏ အလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်က ဗုဒ္ဓဟူးနေ့တွင် တရားဝင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ကြာသပတေးနေ့တွင် စတင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနှင့် အာဆီယံဘုံသဘောတူညီချက်ငါးရပ်အား မြန်မာဘက်မှ အကောင်အထည်ဖော်ရန် ပျက်ကွက်မှု အခြေအနေများကို အလေးထား ဆွေးနွေးရန် ရှိနေစဉ် ဟွန်ဆန်က ထိုသို့ပြောဆိုလိုက်ခြင်းဖြစ်သည်။
အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန် တစ်လခွဲခန့်သာ ရှိသေးသော်လည်း မြန်မာအာဏာသိမ်း ခေါင်းဆောင်များသည် နိုင်ငံ့အကျပ်အတည်းကို အဖြေရှာရန် ကြိုးစားအားထုတ်မှု မရှိသလို ၎င်း၏ ကျန်ရှိသည့် အာဆီယံဥက္ကဋ္ဌသက်တမ်း ဆယ်လကျော်အတွင်း၌လည်း မြန်မာစစ်ခေါင်းဆောင်များက နိုင်ငံ့ပြဿနာကို အဖြေရှာရန် အာသီသရှိပုံမရကြောင်း ဟွန်ဆန်က ဆိုသည်။
“ကျုပ် ဘာပဲလုပ်လုပ် မလုပ်လုပ် အပြစ်ပဲတင်နေကြမှာဆိုတော့ ဒီတိုင်းလွှတ်ထားလိုက်တာ ကောင်းတယ်လေ” ဟု ဟွန်ဆန်က ငြီးတွားသည်။ ကမ္ဘောဒီးယား အရှေ့ပိုင်းပြည်နယ်တစ်ခုတွင် ကျင်းပသည့် တံတားဖွင့်ပွဲ အခမ်းအနားတွင် မြန်မာ့အရေးနှင့် ပတ်သက်၍ ဟွန်ဆန်က ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နှင့် အခြားသော ဧည့်ပရိသတ်များ တက်ရောက်ကြသည်။
“ကာယကံရှင်တွေက တုပ်တုပ်မလှုပ်တော့ ကျုပ်တို့လည်း အနေသာကြီးပေါ့။ နွားကရှေ့ကို မရွေ့ဘဲ သူ့နောက်က လှည်းကလည်း ဘယ်လိုလုပ်ရွေ့မလဲ” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်က မြန်မာ့အခြေအနေနှင့် ၎င်း၏ အခန်းကဏ္ဍကို လှည်းနှင့်နွား ဥပမာဖြင့် မြည်တွန်ခိုင်းနှိုင်းခဲ့သည်။ ၎င်း၏ အာဆီယံဥက္ကဋ္ဌ သက်တမ်းမှာ ဆယ်လခွဲခန့်သာ ကျန်တော့ရာ နောက်ထပ်အလှည့်ကျ ဥက္ကဋ္ဌက မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းလိမ့်မည်ဟုလည်း ဟွန်ဆန်က ဆိုသေးသည်။ အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနောက်တွင် တာဝန်ယူရမည့်သူက အင်ဒိုနီးရှားဖြစ်ပြီး မြန်မာစစ်ခေါင်းဆောင်များကို အစဉ်တစိုက် ဖိအားပေးနေသည့်နိုင်ငံလည်းဖြစ်သည်။
ဟွန်ဆန်သည် လွန်ခဲ့သည့် တစ်လကျော်ကျော်အချိန် ဇန်နဝါရီ လဆန်းပိုင်းကမှ မြန်မာနိုင်ငံသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ခဲ့သူဖြစ်သည်။ မြန်မာတွင် အာဏာသိမ်းအစိုးရ တက်လာပြီးနောက် ပထမဆုံး လာရောက်သော နိုင်ငံတကာခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
၎င်း၏ ခရီးစဉ်သည် အာဏာသိမ်းအစိုးရ၏ တရားဝင်မှုကို အသိအမှတ်ပြု၊ မြှင့်တင်ပေးရာ ရောက်သည်ဟု မြန်မာပြည်တွင်းနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသေးသည်။
ယင်းခရီးစဉ်မတိုင်မီ ကမ္ဘောဒီးယား ဝန်ကြီးချုပ်နှင့် မြန်မာအာဏာသိမ်းခေါင်းဆောင်တို့သည် ဗီဒီယိုမှတစ်ဆင့် တွေ့ဆုံ စည်းဝေးခဲ့ကြပြီး ယမန်နှစ်က သဘောတူထားသည့် အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရန် ဟွန်ဆန်က မြန်မာအာဏာသိမ်းခေါင်းဆောင်ကို တိုက်တွန်းခဲ့သည်။ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသော အစိုးရတစ်ရပ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် ဖြုတ်ချရာ၌ ခေါင်းဆောင်ခဲ့သူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နှစ် ဧပြီလတွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ၌ ကျင်းပသည့် မြန်မာ့အရေးဆိုင်ရာ အာဆီယံခေါင်းဆောင်များ အစည်းအဝေးသို ကိုယ်တိုင်တက်ရောက်ပြီး ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း ၎င်းကိုယ်တိုင် သဘောတူ ခေါင်းညိတ်ခဲ့သည်။
မြန်မာ့အကျပ်အတည်းကို အဖြေရှာရန် ရည်ရွယ်သည့် အဆိုပါ သဘောတူညီချက်ငါးရပ်တွင် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး၊ အာဏာသိမ်းအစိုးရနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD တို့ တွေ့ဆုံညှိနှိုင်းရေး၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် အဖွဲ့အား မြန်မာသို့ လာရောက်ခွင့်ပြု၍ သက်ဆိုင်သူ အားလုံးနှင့် တွေ့ဆုံနိုင်ရေးတို့ ပါဝင်သည်။ သို့သော် အာဏာသိမ်းမှု နှစ်ပတ်လည်ကာလကို ကျော်လွန်လာသည့်တိုင် အဆိုပါ သဘောတူညီချက် ငါးရပ်ကို ဖြစ်ဖြစ်မြောက်မြောက် အကောင်အထည်မဖော်ဘဲ တစ်နှစ်တာ အာဏာသိမ်းကာလအတွင်း လူပေါင်း ၁၅၅၀ ကျော်အား အာဏာသိမ်း စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့ကာ နောက်ထပ် ၉၀၀၀ ကျော်ကိုလည်း ဖမ်းဆီး အကျဉ်းချထားခဲ့သည်။
ထို့အပြင် အာဏာသိမ်းခြင်း၏ နောက်ဆက်တွဲ ပဋိပက္ခများကြောင့် မြန်မာပြည်သူ လေးသိန်းကျော်မှာလည်း အာဏာသိမ်းအစိုးရ၏ လက်အောက်ခံတပ်များ၏ ရန်မှ ဝေးရာသို့ အိုးပစ်အိမ်ပစ် ထွက်ပြေးတိမ်းရှောင်နေကြရသည် ။ မြန်မာ့အရေးအတွက် စိတ်ပျက်အားလျှော့ပြီဖြစ်ကြောင်း ဟွန်ဆန်၏ မှတ်ချက်စကားမှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ အာဏာသိမ်းအစိုးရခန့် နိုင်ငံခြားရေးဝန်ကြီး တက်ရေး မတက်ရေး အငြင်းပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အာဆီယံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်မှု မပီပြင်သဖြင့် အစည်းအဝေးသို့ မြန်မာကိုယ်စားပြု နိုင်ငံခြားရေးဝန်ကြီးကို မဖိတ်ရန် အာဆီယံက ဆုံးဖြတ်ခဲ့ကာ အာဆီယံ၏ ထိုဆုံးဖြတ်ချက်သည် စည်းမျဉ်းစည်းကမ်းများနှင့် မညီကြောင်း၊ ဝန်ကြီးအဆင့် မဖိတ်လျှင် အခြားမည်သူကိုမျှ အစည်းအဝေးတက်ရန် စေလွှတ်မည်မဟုတ်ကြောင်း အာဏာသိမ်းအစိုးရက တုန့်ပြန်သည်။
အာဆီယံ အစည်းအဝေးများသို့ အာဏာသိမ်းအစိုးရ၏ ကိုယ်စားလှယ် တက်ရောက်ခွင့်ကို ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်၍ အာဆီယံခေါင်းဆောင်များက ပိတ်ပင်ထားခြင်းဖြစ်သည်။ ဟွန်ဆန်သည် မြန်မာ့အရေးကို ညံ့ဖျင်းစွာ ကိုင်တွယ်ခဲ့ပြီး ၎င်း၏ မြန်မာခရီးစဉ်၌ အထိန်းသိမ်းခံထားရသူ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန် မစွမ်းဆောင်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားမှ နိုင်ငံရေးလေ့လာသူ အမ် ဆိုဝမ်နရီ က မှတ်ချက်ပြုသည်။
သို့သော် လက်ရှိအခြေအနေမှာ လုံးဝမျှော်လင့်ချက်မဲ့သည့် အဆင့်သို့ မရောက်သေးဘဲ အာဆီယံ အထူးကိုယ်စားလှယ်မှတစ်ဆင့် ကြိုးစား အဖြေရှာရန် အခွင့်အလမ်းရှိသေးကြောင်း ၎င်းက တွက်ဆသည်။
“လုံးဝ လမ်းကြောင်းပိတ်သွားတာမျိုး မဟုတ်သေးပါဘူး။ တစ်ခြားနည်းနဲ့ ကြိုးစားကြည့်တာပေါ့။ ကြိုးစား အဖြေရှာနေသမျှတော့ ပွဲပြီးပြီလို့ မပြောနိုင်ဘူးလေ” ဟု ဆိုဝမ်နရီ က ဆိုသည်။
စစ်အာဏာသိမ်း အစိုးရက အာဆီယံဘုံသဘောတူညီချက် ငါးရပ်အား အကောင်အထည် မဖော်မချင်း အာဆီယံ၏ သဘောထားသည်လည်း ပြောင်းလိမ့်မည်မဟုတ်ကြောင်း စင်ကာပူအခြေစိုက် မြန်မာ့အရေး ကျွမ်းကျင်သူ ဒေါ်မိုးသူဇာက ပြောဆိုသည်။
“စစ်တပ်ကိုယ်စားလှည်ကို အစည်းအဝေးတွေ မဖိတ်ဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားပြီ။ ဘုံသဘောတူညီချက်တွေကို အာဏာသိမ်းအစိုးရက လေးလေးနက်နက် ပြည့်ပြည့်ဝဝ အကောင်အထည် မဖော်မချင်း အာဆီယံရဲ့ ဒီဆုံးဖြတ်ချက်က ပြောင်းမှာမဟုတ်ဘူး” ဟု ဒေါ်မိုးသူဇာက မှတ်ချက်ပြုသည်။
အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့ ပြည်တွင်းရေး အခြေအနေ တိုးတက်မလာမချင်း အာဏာသိမ်းခေါင်းဆောင်များကို ဆက်လက်ဖိအားပေးရန် မျှော်လင့်ကြောင်း တရုတ်အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဒေါက်တာလှကျော်ဇောက တိုက်တွန်းသည်။
“စစ်တပ်က လူထုကို ဖိနှိပ်လေလေ အာဆီယံနိုင်ငံတွေက ပိုပြီး ခပ်ဝေးဝေးနေလေ ဖြစ်မှာပဲ။ စစ်တပ်အပေါ် ထောက်ခံမှုကို ပြဖို့ အာဆီယံနိုင်ငံတွေ ကြောက်နေလိမ့်မယ်” ဟု ဒေါက်တာလှကျော်ဇောက ရှင်းပြသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ ဝန်ကြီးအဆင့် မဖိတ်ခြင်းမှာ အာဆီယံ စည်းမျဉ်းနှင့် မညီညွတ်ကြောင်း အာဆီယံ၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်မစွက်ရဟု ပါရှိကြောင်း အာဏာသိမ်းအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။
ကုလသမဂ္ဂ၏ အခြေခံမူဘောင်တွင်လည်း အဖွဲ့ဝင်တစ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပတ်သက်၍ အလားတူ ပါရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းထားသည်။ အာဆီယံဘုံသဘောတူညီချက်များကို အကောင်အထည် မဖော်မချင်း မြန်မာ စစ်အာဏာသိမ်းအစိုးရအား အာဆီယံအဖွဲ့ဝင်များက နေရာပေး ဆက်ဆံလိမ့်မည် မထင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ စိုင်းကျော်ဇင်စိုးက လွတ်လပ်တဲ့အာရှအသံ (RFA) သို့ ပြောကြားသည်။
“အာဏာသိမ်းအစိုးရကို နေရာပေးဆက်ဆံလိုက်ရင် မြန်မာ့ပြဿနာအတွက် အဖြေမရှာနိုင်ဘဲ မြန်မာပြည်သူတွေကို ပိုပြီး ဆိုးရွားတဲ့ အကျပ်အတည်းဆီ တွန်းပို့လိုက်သလို ဖြစ်မလား၊ မြန်မာပြည်တွင်းက နိုင်ငံရေးအစုအဖွဲ့တွေအတွက် ပိုခက်ခဲတဲ့ အခြေအနေ ဖန်တီးသလို ဖြစ်မလား၊ စစ်အစိုးရကို ပိုပြီး သက်ဆိုးရှည်အောင် လုပ်ပေးသလို ဖြစ်မလားလို့ အာဆီယံနိုင်ငံတွေက စိုးရိမ်နေကြမယ်လို့ ကျွန်တော်ထင်တယ်”။
Benar News
