ကင်းမွန်ခွံနဲ့ ငယ်ဘဝအလွမ်း
ကင်းမွန်ခွံနဲ့ ငယ်ဘဝအလွမ်း
ကျနော်တို့ကလေးဘဝက ကကြီးခခွေးတန်းခေါ်သူငယ်တန်းငယ်၊ သူငယ်တန်းကြီး၊ ပထမတန်းအထိ ကျောက်သင်ပုန်းနဲ့ ကျောက်တံ သုံးခဲ့ရတယ်။
ဒုတိယတန်းရောက်မှ ခဲတံကိုင်ခွင့်ရတယ်။
ဒါတောင် သင်္ချာအကြမ်းတွက်အတွက်ဆို ကျောက်သင်ပုန်း သုံးကြရတုန်း။အဲဒီမှာ ကင်းမွန်ခွံ ကိုင်နိုင်တဲ့ကောင်က ဆရာကြီးပဲ။
အခြားကျောင်းတွေက ကလေးတွေ ကျောက်တံကို ဘယ်လိုချွန်ကြလဲတော့ မသိဘူး။
ကျနော်တို့တံငါရွာလေးမှာတော့ ကျောက်တံချွန်ဖို့ အကောင်းဆုံးကိရိယာက ကင်းမွန်ခွံပဲ။
ရွာမှာက ကင်းမွန်လှေ မရှိတော့ ကင်းမွန်ခွံရဖို့ သိပ်မလွယ်လှဘူး။
ပင်လယ်ဒီရေ ပိုကျတဲ့ လပြည့်ကျော် ၂ ရက်၊ ၃ ရက်၊ ၄ ရက်ညနေပိုင်းတွေဆို ရွာက တစ်ရွာလုံးနီးပါး ပင်လယ်ခမ်း(ခရု၊ ကမာ၊ ရှပ်၊ ကဏန်း စတာတွေ) ဆင်းရှာကြတယ်။
အဲဒီမှာ အခွံရှိတဲ့ ကင်းမွန်ကြီးတွေ ရေကျနဲ့ လိုက်မသွားဘဲ ကျောက်အိုင်ကြားတွေမှာ နေကျန်ခဲ့တတ်တယ်။(ကျောက်အိုင်က နဂိုကတည်းက သူ့အိမ်လည်း ဖြစ်နိုင်ပါတယ်။)
အဲဒီကင်းမွန်ကိုက ငါးရှာ ကျွမ်းကျင်သူတွေပဲ ရတတ်ပြီး ကလေးတစ်ယောက်အနေနဲ့ ဖမ်းမိဖို့ မလွယ်လှပါဘူး။
ဆိုတော့ အဲဒီ ငါးဖမ်းကျွမ်းသူတွေရဲ့ ကလေးတွေကပဲ ကင်းမွန်ခွံ ကိုင်ခွင့်ရတာ များပါတယ်။
နောက်ပြီး ကင်းမွန်ခွံက ပင်လယ်ကမ်းစပ် သဲသောင်ပေါ်ကဒီရေလိုင်းတွေမှာ အမှိုက်တွေနဲ့ ရောပြီးလည်း ရှိနေတတ်ပါတယ်။
ဆိုတော့ ကလေးတွေအတွက်တော့ ပင်လယ်ကမ်းစပ်က ကင်းမွန်ခွံကိုပဲ အားကိုးရှာဖွေကြရပါတယ်။
လပြည့်ကျော်ရက်တွေ ပင်လယ်ခမ်း ဆင်းရှာရင် ကလေးတွေက သဲသောင်မှာ ကင်းမွန်ခွံ ရှာပုံတော် ဖွင့်ကြတာပါပဲ။
ကင်းမွန်ခွံပိုင်ရှင်ဟာ ကျောင်းမှာ စန်းပွင့်တယ်။ကျောက်တံချွန်ဖို့ ကောင်မလေးတွေလည်း လာလာငှားတာပေါ့လေ။ ငှားပြီးရင် မုန့်ကျွေးရတယ်ပေါ့။
ကင်းမွန်ခွံက ဆန့်ပြီး ကျိုးကြေလွယ်တော့ ပိုင်ရှင်တွေက အခမဲ့ မငှားချင်ကြပါဘူး။
ကင်းမွန်ခွံလည်းမရှိ၊ မုန့်လည်း မကျွေးနိုင်တဲ့ကောင်ကတော့ ကျောက်တံကို ကျောင်းတိုင်အောက်က အုပ်ဖိနပ်မှာ ချွန်ပေရော့ပဲ။
အုပ်ဖိနပ်မှာ ကျောက်တံချွန်တဲ့ကောင်တွေ၊ ကောင်မလေးတွေဆို မျက်နှာ ငယ်ကြရတယ်။
ဒီဘက်ခေတ်စကားနဲ့ပြောရင် အောက်တယ်ပေါ့လေ။ ကိုယ်တွေကတော့ ကိုယ့်မှာ မရှိရင် ငှားမချွန်ဘူး။
ရတဲ့မုန့်ဖိုးက တစ်မတ်။ တစ်မတ်ဆို ရွာလုပ်သကြားလုံး ၅ လုံး ရတယ်။
ရွာလုပ်သကြားလုံးဆိုတာက ထန်းသကြားကို တူးအောင်ကျို၊ အအေးခံ၊ စက္ကူပိုင်းလေးထဲ ထည့်လိပ်ထားတာပါ။
ငါးလုံးက ကိုယ်တောင်စားမလောက်တော့ ကင်းမွန်ခွံပိုင်ရှင်ကို ခွဲမကျွေးနိုင်ဘူးလေ။
ခုခေတ်ကလေးတွေကတော့ kg တန်းတောင် ဘောပင်လေးနဲ့ မိမိုက်နေရော။
ကိုယ်တို့က ဘောပင်ကို အလယ်တန်းအဆင့်၊ ငါးတန်းစတက်မှ ကိုင်ခွင့်ရတာ။
ကင်းမွန်ခွံလေး မြင်တော့ ငယ်ဘဝကို လွမ်းမိပြီး ဆားငန်လေသန့်သန့်နဲ့ တံငါရွာလေး ပြေးသတိရမိတယ်လေ။
ရွာလေး ကျန်းးမာပါစေ။ ပင်လယ်ကြီးလည်း လူတွေ ဖျက်ဆီးတဲ့ဘေးက လွတ်မြောက်ပါစေ။
လုလင်
The Tanintharyi Times
