အဆုတ်အအေးမိခြင်းနဲ့ သတိပြုစရာတွေ

အဆုတ်အအေးမိခြင်းနဲ့ သတိပြုစရာတွေ

အေးတဲ့ ရာသီဥတု၊ စွတ်စိုတဲ့ ရာသီဥတုနဲ့ကြုံတွေ့ရရင် အဆုတ်အအေးမိတဲ့ ဝေဒနာကိုခံစားကြရပါတယ်။ အဆုတ်အအေးမိခြင်းဆိုတာ အဆုတ်အားနည်းသွားတာပါပဲ။

▪️အဆုတ်အအေးမိခြင်းရဲ့လက္ခဏာတွေ

အဆုတ်အအေးမိရာမှ အဆုတ်ကရောင်လာပြီး ချောင်းဆိုခြင်းနဲ့အတူ ခေါင်းကိုက်ခြင်း၊ရင်ဘတ်အောင့်ခြင်း၊ ရင်ဘတ်နာခြင်း၊လည်ချောင်းနာခြင်း၊ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊အဖျားအနည်းငယ်ရှိနေခြင်းတို့ကိုခံစားရနိုင်ပါတယ်။

တကယ်လို့ အဆုတ်အအေးမိခြင်းဖြစ်ပွါးရင်

– မိမိတို့ရင်ဘတ်နဲ့ ကျောကို နွေးနွေးထွေးထွေးထားဖို့ လိုအပ်ပါတယ်။

– နှင်းတွေ စိုစွတ်တဲ့ နေရာ၊ ရေတွေ ရှိတဲ့ နေရာမျိုး ရှောင်ဖယ်ပြီးနေသင့်ပါတယ်။

– ရင်ဘတ်နဲ့ကျောတဝိုက်ကို ပူနွေးတဲ့ အဆီတစ်မျိုးမျိုးလိမ်းပေးနိုင်ပါတယ်။ ( နှမ်းဆီကိုအပူပေး၍ လိမ်းပေးခြင်း၊ မုန်ညှင်းဆီကို အပူပေးကာလိမ်းပေးခြင်း)

– အကြောဖြေဒဏ်ကျေလိမ်းဆေးတစ်မျိုးမျိုးရှိရင်လည်း လိမ်းပေးနိုင်ပါတယ်။

– လည်ချောင်းနာတာ သက်သာစေဖို့ လည်ပင်းကိုလည်း နွေးနွေးထွေးထွေးထားကာ လိမ်းဆေးတစ်မျိုးမျိုး လိမ်းပေးနိုင်ပါတယ်။

– မိမိတို့ရဲ့ခြေထောက်တွေကို စိုစွတ်မှုရှိမနေဖို့သတိပြုရပါမယ်။

– ရေအေးအေးနဲ့ အချိန်ကြာကြာရေချိုးခြင်းကို သတိပြုရှောင်ကြဉ်ရပါမယ်။

– ချောင်းဆိုးခြင်းနဲ့ခေါင်းကိုက်ခြင်းတို့သက်သာစေဖို့ ရေနွေးပူပူထဲမှာ စားတဲ့ဂျင်း ခပ်ပါးပါးလေးလှီးထည့်ကာ သောက်ပေးနိုင်ပါတယ်။

– အဆုတ်ကိုအထောက်အကူပြုပေးနိုင်တဲ့ ဗီတာမင်စီပါတဲ့ လိမ္မော်သီး၊သံပုရာသီးကဲ့သို့အသီးအနှံ့တွေကို စားပေးသင့် သလို ဘက်တီးရီးယားတွေကို တိုက် ဖျက်ပေးနိုင်တဲ့ ပျားရည်ကိုလည်းသောက်သုံး ပေးနိုင်ပါတယ်။

– ဓာတ်တိုးဆန်ကျင့်အာနိသင်ကိုပေးစွမ်းနိုင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကိုလည်း စားသုံးပေး နိုင်ပါတယ်။

အဆုတ်အအေးမိခြင်းဆိုတာ ကုသခြင်းထက် ကာကွယ်ဖို့ လိုအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်။

▪️အဆုတ်နဲ့ပတ်သက်ပြီး သတိထားသင့်တဲ့အချက်တွေ

– အကြောင်းအရင်းမရှိဘဲ အသက်ရှုမဝဖြစ်နေခြင်း (အားကစားတစ်ခုခုမလုပ်ထားပါဘဲ အသက်ရှုမဝဖြစ်နေခြင်း)

– ချောင်းဆိုးချိန်တိုင်းမှာ သွေးပါနေခြင်း

– ချွဲကြပ်စေတဲ့ အစာတွေ မစားဘဲ ချွဲသလိပ်တွေ ထွက်နေတတ်ခြင်း

– အသက်ရှုတဲ့အခါ လေမဝသကဲ့သို့ခံစားနေရခြင်း

– လှုပ်ရှားမှုမပြုလုပ်ပါဘဲ အလိုလိုမောနေခြင်း

အထက်ပါလက္ခဏာတွေ မကြာခဏခံစားရရင် နီးစပ်ရာဆေးရုံ၊ဆေးခန်းကိုသွားသင့်ပါတယ်။

အဆုတ်ကျန်းမာမှ နှလုံးကျန်းမာမှာမို့ မိမိတို့ရဲ့အဆုတ်ကျန်းမာရေးကို ကောင်းမွန်အောင် လူထူထပ်တဲ့ နေရာတွေသို့သွားတိုင်း နှာခေါင်းစည်းကို မဖြစ်မနေတပ်ပေးဖို့လိုပါတယ်။

ဒါ့အတူ ဆေးလိပ်သောက်ခြင်းအကျင့်ကိုလည်း ကျောခိုင်းထားသင့်ပါတယ်။

ဆေးလိပ်သောက်သူတွေနဲ့လည်း ဝေးဝေးနေသင့်ပါတယ်။

လေလုံတဲ့ အခန်းထဲမှာ ခြင်ဆေးခွေကို အချိန်ကြာကြာထွန်းခြင်းကလည်း မိမိတို့ရဲ့အဆုတ်ကို နာဖျားစေတာကို သတိပြုစေလိုပါတယ်။

PKN

(ဆောင်းပါးရှင် PKN ဟာ တိုင်းရင်းဆေးတက္ကသိုလ်က ( B.M.T.M) ဘွဲ့ရ တိုင်းရင်းဆေးဆရာတစ်ဦးဖြစ်ပါတယ်။)

The Tanintharyi Times