သရက်ချောင်းမှာ တပ်ရင်းအနီးကလယ်တွေ စပါးရိတ်ဖို့စက်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆီကတဆင့်သာ ငှါးခွင့်ရ

သရက်ချောင်းမှာ တပ်ရင်းအနီးကလယ်တွေ စပါးရိတ်ဖို့စက်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆီကတဆင့်သာ ငှါးခွင့်ရ

ဓာတ်ပုံ - Taninthryi Region Administration Council

သရက်ချောင်းမြို့ပေါ်က စစ်တပ်နဲ့နီးတဲ့လယ်တွေမှာ သုံးဖို့အတွက် စပါးရိတ်သိမ်းခြွေလှေ့စက်ကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေကတဆင့်သာ ငှါးရမ်းနေရတယ်လို့ ဒေသခံတွေနဲ့ လယ်လုပ်ငန်းလုပ်ကိုင်သူတွေဆီကတဆင့်သိရပါတယ်။

အဲ့ဒီအမိန့်၊ ညွှန့်ကြားချက်ကို စစ်ကောင်စီဘက်က နှုတ်မိန့် ပေးထားတာလို့ သိရပြီး မြို့မှာ ရှိတဲ့ စစ်တပ်သုံးခုနဲ့ ကပ်ရပ်အကွာအဝေး ၃ မိုင်ပတ်လည်မှာ ရှိတဲ့ လယ်က ခန့်မှန်းချေ ဧက ၄၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံလယ်လုပ်သူတွေက ပြောပါတယ်။

ရိတ်သိမ်းခြွေလှေ့စက်ငှါးရမ်းခက ပြင်ပပေါက်ဈေးအရ တစ်ဧကကို ကျပ် ၁၃၀,၀၀၀ ရှိပေမယ့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆီက တဆင့် ငှားရတဲ့စက်ကတော့ တစ်ဧကကို ကျပ် ၁၅၀,၀၀၀ ပေးရတဲ့အတွက် ကျပ် နှစ်သောင်း ပိုများနေပါတယ်။ ဒါ့အပြင် လယ်ထဲကိုစက်အတက်၊ အဆင်းလုပ်တဲ့လမ်းနဲ့ လဲနေတဲ့စပါးပင်တွေပေါ်မူတည်ကာ အနည်းဆုံး ကျပ် ၁၀,၀၀၀ ကစပြီး ထပ်ဆောင်းပေးနေရတာလည်း ရှိတယ်လို့ လယ်ယာလုပ်ကိုင်သူတွေ ပြောပြချက်အရ သိရပါတယ်။

“တချို့စပါးပင်တွေကလေတိုက်ကြမ်းရင်လဲနေတဲ့စပါးပင်တွေရှိတယ်။ တချို့စက်ဆရာတွေ လဲနေတဲ့အပင်ကိုရအောင်မရိတ်ဘူး။ စက်နဲ့နင်းဖြဲပြီး သွားကြတယ်။ ဒါဆိုစပါးအထွက်နှုန်းကရသင့်သလောက်မရတော့ဘူး။” လို့ လယ်လုပ်ငန်းနဲ့ နီးစပ်သူအမျိုးသားတစ်ဦးက ရှင်းပြပါတယ်။

စစ်ကောင်စီတပ်ရင်းနဲ့ ၃ မိုင်ပတ်လည်က လယ်တွေဟာ အရင်ကတည်းကလေတိုက်ကြမ်းပြီး စပါးပင်အများအပြားလဲတာကြောင့် လဲနေတဲ့စပါးပင်တွေကို စေတနာပါပါနဲ့ ရိတ်ပေးတဲ့စက်တွေကိုသာ လယ်ရှင်တွေက ငှါးလေ့ရှိကြတာပါ။ လက်ရှိစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဆီက ငှားထားတဲ့စက်တွေကတော့ ဈေးကြီးပေးထားပြီး မျှော်လင့်ထားသလိုမရတာကြောင့် လက်မခံနိုင်ဖြစ်နေကြတယ်လို့ လယ်လုပ်ငန်းလုပ်ကိုင်သူအဝန်းအဝိုင်းဆီကသိရပါတယ်။

လယ် ၅ ဧကခန့်စိုက်ပျိုးထားတဲ့အမျိုးသမီးတစ်ဦးကတော့ “ကျန်းမာရေးမကောင်းတဲ့ကြားက နိုင်သလောက် အချိန်ပေး စိုက်ထား၊ ပျိုးထားတာ။ စပါးစေ့တစ်စေ့ကိုတောင်မှအလေအလွင့်ဖြစ်မခံနိုင်ပါဘူး။” လို့ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေဘက်က တခြားနေရာက စက်တွေကိုငှားရမ်းရင် သေနတ်နဲ့ပစ်ခတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားတဲ့အကြောင်းလည်း မြို့ခံတွေက ပြောပြပါတယ်။

သရက်ချောင်းမြို့မရပ်ကွက်နဲ့ကပ်ရပ်ဖြစ်တဲ့ ကျောက်မြောင်းနဲ့ မော်ရှည်ကုန်းရပ်ကွက်မှာလည်း စက် ၁၃ လုံး၊ ပန်းတောနဲ့ ဆင်ဖြူပြင်မှာ စက် ၁၃ လုံးနဲ့ အချိန်မှီစပါးရိတ်သိမ်းနိုင်ဖို့ လုပ်ဆောင်နေကြတယ်လို့ ဒေသအသီးသီးက လယ်လုပ်ငန်းလုပ်ကိုင်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီတပ်ရင်းနဲ့နီးတဲ့ သရက်ချောင်းမြို့မရပ်ကွက်ကလယ်တွေကတော့ အုပ်ချုပ်ရေးမှူးဆီကရတဲ့စက်တစ်လုံးတည်းနဲ့သာ အလှည့်ကျရိတ်နေရတာကြောင့် အချိန်မှီစပါးမရိတ်နိုင်မှာကို လယ်လုပ်ငန်းလုပ်ကိုင်သူတွေ စိုးရိမ်နေကြပါတယ်။

ရိတ်သိမ်းခြွေလှေ့စက်ငှါးရမ်းခွင့်ကန့်သတ်တာမျိုးကို စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေဘက်က အခုနှစ်မှလုပ်လာတာပါ။ စစ်ကောင်စီဘက်က တပ်ရင်းတွေတိုက်ခိုက်မခံရအောင် ရည်ရွယ်ကာ အုပ်ချုပ်ရေးမှူးတွေကို အသုံးချပြီး အခုလိုကြိုတင်ပြင်ဆင်တာဖြစ်နိုင်တယ်လို့လည်း မြို့ခံတွေက ဝေဖန်နေကြပါတယ်။

ပြီးခဲ့တဲ့လနောက်ဆုံးအပတ်က သရက်ချောင်းမြို့မရဲစခန်း အလစ်ငိုက်တိုက်ခိုက်ခံရတာ ရှိခဲ့ပါတယ်။

The Tanintharyi Times